၂၂.၁၂.၂၀၂၅
Written by Nay Yaung Lin
ဦးကိုကိုကြီး၏ ပြည်သူ့ပါတီရုံးချုပ်ဖြစ်သော ရန်ကုန်တိုင်းရုံးကို NUG ၏ PDF သုံးဖွဲ့ပေါင်း၍ ဗုံးခွဲလုပ်ကြံ တိုက်ခိုက်ခဲ့ကြောင်း ကျူးလွန်မှုတွင် ပါဝင်သည့် Shwe Bo Battalion 15 က ယနေ့ဝန်ခံထားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းရုံးရှေ့ရှိ တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်အနီး ဒီဇင်ဘာ ၂၁ ရက်၊ ည ၇ နာရီ၊ ၂၅ မိနစ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်းရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်အနည်းငယ်ပျက်စီးခဲ့သလို ဆိုင်းဘုတ်အနီးရပ်ထားသော ကားတစ်စီးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက “မနေ့က ည ၇ နာရီ ၂၅ မိနစ်မှာ ပေါက်ကွဲမှုဖြစ်ပါတယ်။ ရန်ကုန်တိုင်းရုံးက ပထမထပ်မှာရှိတာ။ အောင်နိုင်ရေးဆိုင်းဘုတ် ဘေးနားမှာဖြစ်တာပါ။ ဆိုင်းဘုတ်နည်းနည်းပျက်စီးတယ်လို့ ကြားတယ်။ ရှေ့မှာရပ်ထားတဲ့ ကားတစ်စီးလည်း နည်းနည်းပျက်စီးသွားတယ်”ဟု ပြောကြားသည်။
ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး၏ ကားလမ်းတစ်ဖက်ခြမ်းတွင် မြို့နယ်ထွေအုပ်ရုံးနှင့် အခြားဌာနဆိုင်ရာရုံးများလည်း တည်ရှိကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ လာရောက်စစ်ဆေးဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး၊အောင်နိုင်ရေးကော်မတီရုံးခန်းဖွင့်ပွဲနှင့် အောင်နိုင်ရေးပိုစတာဖွင့်ပွဲအခမ်းအနားကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရန်ကုန်တိုင်းဒေသကြီးရုံးရှေ့တွင် နိုတင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဖွင့်ပွဲတွင် ပြည်သူ့ပါတီ(ဗဟို)ဥက္ကဋ္ဌ ဦးကိုကိုကြီးက လော်ဘီများများကြပ်ကြပ်သတိထားရန် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့ လုပ်ကြံဗုံးခွဲတိုက်ခိုက်မှုကို NUG ဩဇာခံ PDF အဖွဲ့များဖြစ်သော ပြည်သူကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ ( SRDF )၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းနှင့် Unknown YGN UGတို့ ပူးပေါင်း၍ ကျူးလွန်ခဲ့ကြခြင်းပြီး ပြည်သူ့ပါတီရုံးချုပ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း Shwe Bo Battalion 15 က ယနေ့ဝန်ခံထားသည်။
