၂၂.၁၂.၂၀၂၄
Written by Hey Mar
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၆၀) ရပ်ကွက်အတွင်းရှိ ဧရာဝဏ်လမ်းထဲက ကျူးရပ်ကွက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ညက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့လို့ ကျူးတဲ ၁၄ လုံး မီးထဲပါသွားခဲ့ပြီး နွမ်းပါးမိသားစု ၁၄ စုနဲ့ လူဦးရေ ၆၀ ကျော် နေစရာ၊ စားစရာ အခက်အခဲကြုံတွေ့နေရတယ်လို့ ၇ ရက်သားသမီးများ ပရဟိတအလှူအဖွဲ့ (YRO) ထံကနေ သိရပါတယ်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားရတာက မနက်အစော အလုပ်သွားဖို့အတွက် ညကတည်းက ထမင်းဟင်းကို ထင်းမီးနဲ့ ချက်ရင်း မတော်တဆ ဖြစ်ပွားတာလို့လည်း သိရပါတယ်။
၇ ရက်သားသမီးများ ပရဟိတ အလှူအဖွဲ့ (YRO)မှ တာဝန်ရှိသူက “ဒီဇင်ဘာ၂၀ ရက်နေ့ နံနက်က မီးလောင်တဲ့အထဲပါသွားပါတယ်။ ၁၄ အိမ်လုံး ဘာပစ္စည်းမှတစ်ခုမှ မရလိုက်ပါဘူး။ မနေ့ကညက ကျွန်တော်တို့အသင်းဆီကို ဖုန်းဆက်အကူအညီတောင်းလာလို့ပါ။ ကျွန်တော်တို့ အာဟာရဒါနတွေ လှုနေကြနေရာတွေထဲက တစ်နေရာပါ။ လှူဒါန်းချင်တဲ့သူတွေရှိပါက အလှူခံပေးချင်ပါတယ်။ လိုအပ်တာက အိမ်သုံးကုန်ပစ္စည်း၊ အဝတ်အထည်၊ စားသောက်ကုန်၊ အလှူငွေ ဒါတွေလှူလို့ရပါတယ်” လို့ MT News ကို ပြောပါတယ်။
မီးလောင်ဆုံးရှုံးသွားတဲ့ အိမ်ထောင်စု ၁၄ စုက ကျား ၁၉ ဦး၊ မ ၃၁ ဦး၊ ၁၂ အောက်ကလေး ၁၀ ဦးနဲ့ ၁ နှစ်အရွယ်ကလေး(မ) ၁ ဦးတို့ကို လက်ရှိ ရပ်ကွက်ဓမ္မာရုံမှာ ညဘက်အိပ်ဖို့နေရာပေးထားပြီး ခြင်ထောင်၊ စောင်နဲ့ ခေါင်းအုံးတွေလည်း အဓိကလိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။






