၂၂.၁၂.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှ ယော့ဂျကာတာမြို့သို့ အဝေးပြေးလမ်းမကြီးတစ်ခုအတိုင်း ဦးတည်မောင်းနှင်နေသော ဘတ်စ်ကားတစ်စီးမှာ လမ်းမကြီးပေါ်ရှိ အတားအဆီးတစ်ခုကို ဒီဇင်ဘာ ၂၂ ရက် အစောပိုင်းတွင် ဝင်တိုက်မိခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ရသည့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးက ပြောကြားခဲ့သည်။
မြို့တော်ဂျကာတာမှ ယော့ဂျကာတာသို့ ဦးတည်မောင်းနှင်နေသော ဘတ်စ်ကားသည် အဝေးပြေးလမ်းမကြီး၏လမ်းဆုံတစ်ခုအရောက်တွင် လမ်းကွေ့တစ်ခုသို့ ရောက်ရှိချိန်၌ အတော်လေး မြင့်မားသော မြန်နှုန်းဖြင့် မောင်းနှင်နေခဲ့ကြောင်း ဒေသခံရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဘူဒီယိုနိုက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
လမ်းအတားအဆီးနှင့် ဝင်တိုက်ပြီးနောက် ဘတ်စ်ကားမှာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လူ ၃၄ ဦးကိုတော့ ကယ်ဆယ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဘူဒီယိုနိုက ပြောကြားခဲ့သည်။
လူ ၁၅ ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဒဏ်ရာရသူများစွာကို ဆေးကုသမှုခံယူရန် ဆီမာရန်မြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အေဂျင်စီမှ မျှဝေထားသော ဗီဒီယိုတွင် ကယ်ဆယ်ရေးသမားများသည် ဘေးတစ်စောင်းလဲကျနေသော ဘတ်စ်ကား အနီးအနားတွင် သေဆုံးသူများ၏ အလောင်းများကိုအိတ်ထဲသို့ ရွှေ့ပြောင်းထည့်နေသည်ကို ပြသထားသည်။
အရှေ့တောင်အာရှကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် သယ်ယူပို့ဆောင်ရေး မတော်တဆမှုများသည် အဖြစ်များပြီး ယာဉ်များသည် ဟောင်းနွမ်းကာ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းသည့်အပြင် လမ်းစည်းကမ်းများကို မကြာခဏ ချိုးဖောက်လေ့ရှိသည်။
၂၀၂၄ ခုနှစ်ကလည်း လူများ အိဒ်အယ်လ်ဖစ်ထရ်ပွဲတော်ကျင်းပရန် ခရီးသွားနေစဉ် လူစည်ကားသော အဝေးပြေးလမ်းမကြီးပေါ်တွင် ကားတစ်စီးက ဘတ်စ်ကားတစ်စီးနှင့် အခြားကားတစ်စီးကို တိုက်မိပြီး အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သေးသည်။
၂၀၁၉ ခုနှစ်တွင်လည်း နိုင်ငံအနောက်ဘက် ဆူမားတြားကျွန်း၌ ဘတ်စ်ကားတစ်စီးသည် ချောက်ထဲသို့ ထိုးကျသွားခြင်းကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ရသည်။
Ref-CNA


