၂၂.၁၂.၂၀၂၅
Written by Linn Eain
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် မဂ်လာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ကာယ (၁၀)လမ်း အမှတ် (၃/၁၈၁) ခြံဝင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်းတွင် ဒီဇင်ဘာ ၂၁ ရက်၊ နံနက် ၉ နာရီက ပါတီဝင်များ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ၍ မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲ အနိုင်ရလျင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များအား လာရောက်တင်ပြခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသား ပြည်သူတရပ်လုံးနှင့်လက်တွဲပြီး နိုင်ငံတော်၏ လိုအပ်ချက်များကိုဆောင်ရွက်ပေးမည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုကိုအပြည့်အဝ အကာအကွယ်ပြုမည့်ဥပဒေကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ခိုင်မာအားကောင်းသော အုပ်ချုပ်ရေးစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူဗဟိုပြုသော အုပ်ချုပ်ရေးစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှပ်နှံနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းပမ်းဆက်သွယ်ရေး လုံခြုံချောမွေ့အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဆက်လက်ပြောကြားခဲ့သည်။
ယနေ့ တွေ့ရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်အောင် ပါတီမှ သေချာစိစစ်ရွေးချယ်ပေးထားသော အရည်အချင်းရှိသူများဖြစ်၍ ထောက်ခံမဲပေးကြရန်လည်း ဦးခင်မောင်စိုက မဲဆွယ်ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဒေါ်လေးလေးမြင့်က စက်ခလုတ်ဖြင့် မဲပေးနည်းစနစ်ကို ရှင်းလင်းပြောကြား၍ အဆိုတော် သက်မှူးခင်နှင့် ယိမ်းအဖွဲ့များမှ သီဆိုကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး ပြည်ခိုင်ဖြိုးပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဆင့်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း(FTPT) ဦးဇော်ဝင်းသန့်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း(PR) ဦးရဲရင့်စိုးညွန့်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း (PR)ဦးထွန်းထွန်းအောင်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်း (FPTP) ဦးမျိုးမင်းနိုင်၊တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်း(PR) ဒေါ်လေးလေးမြင့်တို့က ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။









