၂၂.၁၂.၂၀၂၅
Translated by Htwe Ko Tun.
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ နယ်စပ်ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့အတူ လက်ရှိမှာ ကမ္ဘောဒီးယားပြည်သူ ငါးသိန်းကျော်ဟာ သူတို့ရဲ့အိမ်တွေနဲ့ကျောင်းတွေကနေ အတင်းအကျပ်ပြောင်းရွှေ့ခဲ့ရပြီး ပြင်းထန်သောအခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်မှာ ကမ္ဘောဒီးယား ပြည်သူစုစုပေါင်း ၅၁၈,၆၁၁ ဦး ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကြေညာချက်က အမြောက်ဆန်တွေ၊ ဒုံးကျည်တွေနဲ့ထိုင်းနိုင်ငံရဲ့ F-16 လေယာဉ်တွေနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် လက်ရှိမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် ကမ္ဘောဒီးယား ပြည်သူတွေ အိုးအိမ်စွန့် ရွှေ့ပြောင်းခဲ့ကြရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံကလည်း ပြန်လည်ဖြစ်ပွားနေသော နှစ်နိုင်ငံနယ်စပ်ပဋိပက္ခကြောင့် ထိုင်းနိုင်ငံအတွင်း နယ်စပ်ပြည်နယ်တွေမှာ လူ ၄၀၀,၀၀၀ လောက် အိုးအိမ်စွန့် ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလ ၂၁ ရက်အထိ နှစ်ဖက်စလုံးမှာ အိုးအိမ်စွန့်ခွာပြီးရွှေ့ပြောင်းနေရသူ စုစုပေါင်း ကိုးသိန်းကျော်ရှိသွားပြီဖြစ်ပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံအကြား ဒီဇင်ဘာလ ၇ ရက်စလို့ တင့်ကားတွေ၊ ဒရုန်းတွေနဲ့ အမြောက်တပ်တွေ အပါအဝင် ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ ထိုင်းနိုင်ငံမှာ အနည်းဆုံး လူ ၂၂ ဦးနဲ့ ကမ္ဘောဒီးယားမှာ ၁၉ ဦး သေဆုံးခဲ့တယ်လို့လည်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဇူလိုင်လက ငါးရက်ကြာ ပဋိပက္ခဖြစ်ခဲ့အပြီး ဒီဇင်ဘာလအတွင်းမှာ အခုလိုတိုက်ပွဲအသစ်တွေ ပြန်လည်ဖြစ်ပွားရလို့ နှစ်ဘက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပြီး အရပ်သားတွေကို တိုက်ခိုက်မှုတွေအတွက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ အာဆီယံအဖွဲ့အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနဲ့ ကုလသမဂ္ဂတို့က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပဋိပက္ခကို ဆွေးနွေးဖို့ ကွာလာလမ်ပူမှာ ဒီဇင်ဘာ ၂၂ ရက်မှာ တွေ့ဆုံကြမှာပါ။
Ref -CNA


