နေမိုး
၂၂. ၁၂. ၂၀၂၅
ညောင်လေးပင်နှင့်ပေါင်းတည်မြို့နယ်များတွင် ပဲခူး PDF များက လက်နက်မဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုက်မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်များမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကွေ့မကျေးရွာနေ ဦးထွေး (၅၃) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦးခန့် ရောက်ရှိလာပြီး “ဒလန်” ဟု ပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ သံတံတားကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနိုင်ဝင်း (၅၄) နှစ်သည် ကျေးရွာအနီးရှိ ၎င်းပိုင်လယ်ကွင်းမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကျေးရွာ၏ ရွာလယ်လမ်းအရောက် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော် အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
