ပုံစာ။ ယာယီသမ္မတထံ ဒီဇင်ဘာ ၇ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့မှု မြင်ကွင်း။
သက်တံ့
၂၂. ၁၂. ၂၀၂၅
ယခုလကုန် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသို့ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်ရန် ထိုင်းနိုင်ငံက စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကီယို (Sihasak Phuangketkeow) က သောကြာနေ့တွင် တိုကျိုမြို့၌ NHK သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ယင်းသို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်သူတပ်မတော်အစိုးရက အရပ်သားအုပ်ချုပ်ရေးသို့ ကူးပြောင်းသည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားထားသည်။
စီဟာဆက်က “လက်ရှိအခြေအနေတွေအရ ဒါဟာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုတော့ မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုတချို့အတွက် စတင်ရာအမှတ် ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
၎င်းတို့နိုင်ငံအနေဖြင့် အဆိုပါရွေးကောက်ပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီသို့ ဦးတည်သွားသည်ကို မြင်တွေ့လိုကြောင်းလည်း ၎င်းက ဆိုသည်။
အာဆီယံအနေဖြင့်မူ အဆိုပါရွေးကောက်ပွဲသို့ လေ့လာသူများ စေလွှတ်မှု မပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ သို့သော်လည်း စီဟာဆက်က ၎င်းတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းက ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အောက်တိုဘာလအတွင်းက ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သော်လည်း ယခုလအစောပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
စီဟာဆက်က ကမ္ဘောဒီးယားဘက်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရန် အသင့်ရှိသော်လည်း “ကမ္ဘောဒီးယားနိုင်ငံက အပစ်အခတ်ရပ်စဲရေးအတွက် ဦးစွာတောင်းဆိုရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်သည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဘက်ကမူ ထိုင်းဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ဆိုထားသည်။
Ref: NHK
