နေမိုး
၂၁. ၁၂. ၂၀၂၅
NUG နှင့် PDF များက ပျူစောထီးရွာဟုတံဆိပ်ကပ်ကာ မကြာခဏလာရောက်တိုက်ခိုက်နေသော မြင်းခြံမြို့နယ် ဆုံရွာကို PDF များ ယနေ့နံနက်ပိုင်းက ထပ်မံလာရောက်စီးနင်းသော်လည်း တပ်မတော်နှင့် ပူးပေါင်းအဖွဲ့၏ ဝေဟင်မြေပြင်တုံ့ပြန်မှုကြောင့် PDF အနည်းဆုံး ၈ ဦးသေဆုံးသွားခဲ့သလို ပြည်သူ့စစ်တစ်ဦးလည်း ကျဆုံးသွားခဲ့သည်ဟု ကနဦးသိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၉ ရက်ကလည်း PDF များက ဆုံရွာရှိ ပြည်သူ့စစ်စခန်းကို လက်နက်ကြီးလက်နက်ငယ်များဖြင့် PDF အဖွဲ့ ၂၀ ခန့် ဝိုင်းဝန်းတိုက်ခိုက်ဖျက်ဆီးရာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦးသေဆုံးခဲ့သလို ၁၄ ဦးဒဏ်ရာရသည့်အပြင် နေအိမ် ၅၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီး လုယက်သွားကြပြီးနောက် ပြန်လည်ထူထောင်ထားသော ဆုံရွာကို ယနေ့တွင် PDF များက အင်အားအလုံးအရင်းဖြင့် ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်။









ယနေ့နံနက်အစောပိုင်းတွင် PDF များ အဖွဲ့ပေါင်းများစွာဖြင့် လာရောက်တိုက်ခိုက်ကြစဥ် တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တုံ့ပြန်ခဲ့သလို မြေပြင်မှ ပြည်သူ့စစ်နှင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ကလည်း ပစ်ခတ်သဖြင့် PDF များ အလောင်းများနှင့် သေဆုံးဒဏ်ရာရသူများစွာ ဆွဲပြေးသော်လည်း မဆွဲနိုင်သည့် PDF အလောင်း ရှစ်လောင်း၊ ဒရုန်းတစ်စင်း၊ လက်နက်သုံးလက်နှင့် အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့သည်။
“PDF အင်အားတော်တော်များတယ်။ မနှစ်ကလိုဘဲ အလုံးအရင်းနဲ့ လာတိုက်ခိုက်တာ။ ဒါပေမဲ့ လေယာဥ်ကချက်ချင်းရောက်လာတော့ ဝေဟင်မြေပြင်မှာ အထိနာပြီး အလောင်းတွေ ဆွဲပြေးကြတာ။ အခု ကျန်ခဲ့တဲ့အလောင်းတွေက သူတို့ မဆွဲနိုင်တော့ဘဲ ကျန်ခဲ့တာပေါ့။ တကယ့်မြေပြင်မှာ လူဆယ်ချီ သေဆုံးနိုင်သလို ဗုံးတည့်တည့်ထိလို့ အစအန ရှာမရသူတွေလည်း ရှိနိုင်တာပေါ့”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
မြင်းခြံမှ ဇီးရိုးပြောက်ကျားအဖွဲ့ခေါင်းဆောင် သက်ကြီးကလည်း လူမှုကွန်ရက်တွင် PDF များ သေဆုံးကုန်ကြောင်းကို ပို့စ်တင်ထားပြီး ဆယ်ဦးကျော် သေဆုံးသည်ဟု တစ်ဦးက မှတ်ချက်ပြုထားသည်ကိုလည်း တွေ့ရသည်။ လက်ရှိတွင် PDF များကို လုံခြုံရေးပူးပေါင်းအဖွဲ့က မြေပြင် ဆက်လက် ရှင်းလင်းနေကြောင်း သိရသည်။ (Photo – Credit)
