၂၁.၁၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်စစ်တပ်က ဗင်နီဇွဲလားကမ်းလွန်မှာ ကျောက်ချရပ်နားထားတဲ့ ရေနံတင်သင်္ဘောတစ်စင်းကိုဒီဇင်ဘာလ ၂၀ ရက် နံနက်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်ဆိုတာ အမေရိကစိုးရ၊ အမိမြေလုံခြုံရေး ဝန်ကြီးဌာနဝန်ကြီး ခရစ္စတီ နိုအမ်က လူမှုကွန်ရက် X မှာ အတည်ပြုရေးသားခဲ့တယ်လို့ သိရပါတယ်။
ခရစ္စတီ နိုအမ်က “အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်း မူးယစ်ဆေးဝါးအကြမ်းဖက်မှုကို ရန်ပုံငွေ ထောက်ပံ့ဖို့အသုံးပြုတဲ့၊ ပိတ်ဆို့ထားတဲ့ရေနံတွေကို တရားမဝင်ရွှေ့ပြောင်းမှုကို ဆက်လက်ဖမ်းဆီး အရေးယူသွားမှာဖြစ်တယ်။ ကျွန်ုပ်တို့ သင့်အား ရှာဖွေပါမယ်၊ သင့်အား ရပ်တန့်ပါမယ်” လို့ ရေးခဲ့ပါတယ်။
စီးနင်းမှုနဲ့ပတ်သက်လို့ မစ္စစ် နိုအမ်က လူမှုကွန်ရက်မှာမျှဝေထားတဲ့ ဗီဒီယိုမှာ စီးနင်းမှုမတိုင်မီ ရဟတ်ယာဉ်တစ်စင်းက သင်္ဘောကုန်းပတ်ပေါ် ဆင်းသက်နေတာကို မြင်တွေ့ကြရပါတယ်။
ရေကြောင်းအန္တရာယ်စီမံခန့်ခွဲမှုကုမ္ပဏီ Vanguard ရဲ့ အဆိုအရ ထိုရေနံတင်သင်္ဘောက ပနားမားအလံလွှင့်ထူထားတဲ့ Centuries အမည်ရှိ သင်္ဘောဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက အမေရိကန်တပ်ဖွဲ့တွေကို သင်္ဘောပေါ်တက်ခွင့်ပြုဖို့ ရေနံတင်သင်္ဘောက ဆန္ဒအလျောက် ရပ်တန့်ခဲ့ပြီး သဘောတူညီချက်နဲ့ ဆင်းသက်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်က ပြီးခဲ့တဲ့အပတ်ကလည်း ဗင်နီဇွဲလားကမ်းရိုးတန်းမှာ Skipper လို့ခေါ်တဲ့ ပိတ်ဆို့ထားတဲ့ ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပါသေးတယ်။





ဒါပေမယ့် Centuries သင်္ဘောကိုတော့ အမေရိကန်က ပိတ်ဆို့ထားတာမဟုတ်ဘူးဆိုတာ သိရပါတယ်။
အခုလိုပိတ်ဆို့အရေးယူမှုမပြုထားတဲ့ သင်္ဘောတစ်စင်းကို ဖမ်းဆီးတာက ထရမ့်ပ်ရဲ့ ဗင်နီဇွဲလားအပေါ် ဖိအားတွေ ပိုမိုမြင့်တက်လာတာကို ပြသနေတာလို့ ယူဆရပါတယ်။
အဆိုပါ ရေနံတင်သင်္ဘောက တရုတ်နိုင်ငံကိုပို့ဖို့ ရေနံစည် ၁ ဒသမ ၈ သန်းခန့်ကို Crag ဆိုတဲ့ အမည်အတုနဲ့ ဗင်နီဇွဲလားမှာ တင်ဆောင်လာတာဖြစ်တယ်လို့ Reuters သတင်းဌာနက ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA ရဲ့ ပြည်တွင်းစာရွက်စာတမ်းတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
TankerTrackers.com ဝက်ဘ်ဆိုတ် ရဲ့ အဆိုအရ သင်္ဘောက ဗင်နီဇွဲလားနိုင်ငံကနေ ဓီဇင်ဘာလ ၁၇ ရက်မှာ စတင် ထွက်ခွာခဲ့ပြီး ဗင်နီဇွဲလားရေတပ်က ခဏတာ လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။
အိမ်နီးချင်း ဘရာဇီးသမ္မတ လူလာကတော့ တောင်အမေရိကနိုင်ငံတွေရဲ့ Mercosur အုပ်စု ထိပ်သီးအစည်းအဝေးမှာ “ဗင်နီဇွဲလားမှာ လက်နက်ကိုင်ဝင်ရောက်စွက်ဖက်မှုဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ သူက ဗြိတိန်နဲ့ အာဂျင်တီးနားကြား ၁၉၈၂ ခုနှစ် ဖော့ကလန်စစ်ပွဲကိုလည်း ရည်ညွှန်းခဲ့ပြီး “တောင်အမေရိကတိုက်ဟာ ဒေသတွင်း ပြင်ပအင်အားကြီးနိုင်ငံတစ်ခုရဲ့ စစ်ရေးအင်အားရှိနေမှုကြောင့် တစ်ဖန်ပြန်လည် ခြောက်လှန့်ခံနေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်က ဝင်ရောက်စွက်ဖက်ခဲ့ရင် “ကမ္ဘာ အတွက် အန္တရာယ်ရှိတဲ့ သာဓက” တစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ဒေသတွင်းမှာ အမေရိကန်တပ်ဖွဲ့တွေက တဖြည်းဖြည်း အင်အား တိုးချဲ့တည်ဆောက်လာခဲ့ပြီး ဗင်နီဇွဲလားကို ပိတ်ဆို့မှု ထိရောက်စွာ ဖြစ်ပေါ်စေခဲ့ပါတယ်။
လူမှုမီဒီယာမှာအမေရိကန်သမ္မတထရမ့်ပ်က ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုရဲ့ အစိုးရကို “တရားမဝင်” နဲ့ “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” အဖြစ်လည်း ရေးသားခဲ့ပါတယ်။ သူက ဗင်နီဇွဲလားထဲကို ဝင်ထွက်သွားလာနေတဲ့ ပိတ်ဆို့ထားတဲ့ ရေနံတင်သင်္ဘောအားလုံးကို လုံးဝအရေးယူပိတ်ဆို့ဖို့ အမိန့်ပေးထားတယ်လိုလည်း ပြောခဲ့ပါတယ်။ ဒါ့ပြင် မာဒူရိုအစိုးရကို မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲပြီး ဖိအားတွေ တိုးမြှင့်နေခဲ့တာပါ။
ဗင်နီဇွဲလား သမ္မတမာဒူရိုကတော့ ထရမ့်ပ်ဟာ ဗင်နီဇွဲလားရဲ့ ရေနံသိုက်တွေကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ သူ့ကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Ref : Sky News
