၂၁.၁၂.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ လွှတ်တော်ထဲရောက်ရှိလျှင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် စိုးရိမ်ကြောင့်ကြမှုကို အတတ်နိုင်ဆုံးဖြေရှင်းပေးသွားမည်ဟု ပြည်သူ့ပါတီ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေး(ခ)ကိုမာကီက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ပြည်သူ့ပါတီ(ဗဟို)၏ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေးအနေဖြင့် ဒုတိယအကြိမ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ကျောက်တန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ဖူးသူဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေး(ခ) ကိုမာကီက” မိဘပြည်သူနဲ့ လူငယ်လေးတွေ ခံစားနေရတဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုကို အတတ်နိုင်ဆုံးဖြေရှင်းပေးမယ်။ စစ်မှုထမ်းဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုရင် အဲဒါတွေကို ကျွန်တော်ပြင်ဆင်ပေးချင်တယ်။ အောက်ခြေမှာ ဒီဥပဒေနဲ့ ပတ်သက်လို့ လာဘ်ပေး၊ လာဘ်ယူမှုတွေ ဖြစ်နေတာတွေလည်း ပြေပျောက်စေချင်တယ်။ လျော့နည်းစေချင်တယ်။ အဲဒါက အဓိကပါ ” ဟု ပြောကြားခဲ့သည်။





ထို့ပြင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းရာတွင် ကော့မှူးမြို့ပေါ် နေထိုင်သူများသာ နိုင်ငံရေးပါတီများရှိသည်ကို သိရှိကြပြီး ရွာဘက်များတွင် နိုင်ငံရေးပါတီအမည်များနှင့် ရွေးကောက်ပွဲမည်သည့်ရက်လုပ်မည်ကို သိရှိမှု အားနည်းကြောင်း၊ ကျေးရွာများသို့ ရောက်အောင်သွားပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိတ်ဝင်စားလာအောင် စည်းရုံးရသည်မှာ အားစိုက်ရပြီး အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေးက ဆက်လက် ပြောကြားသည်။
“အကြီးမားဆုံးစိန်ခေါ်မှုကတော့ ခုနကပြောတဲ့အတိုင်း လူထုရဲ့ နိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားမှု၊ နိုင်ငံရေးအပေါ်မှာ မျက်ခြေပြတ်သွားမှု၊ နိုင်ငံရေးကို လုံး၀ပစ်ချထားလိုက်တဲ့အခါ ကျွန်တော်တို့မှာ ဒီနိုင်ငံရေးကို ပြန်လည်စိတ်ဝင်စားလာအောင် ပထမစည်းရုံးရတာကို တော်တော်အားစိုက်ရတယ်။ အဲဒါက အဓိကစိန်ခေါ်မှုပါ။ ကော့မှူးမြို့နယ်မှာ ရွာတွေဘက်ကို ရောက်အောင်သွားနိုင်တဲ့အခါမှာ သူတို့ဘက်က လှိုက်လှိုက်လှဲလှဲရှိတယ်။ တချို့ပါတီကြီးတွေ တစ်ရွာလုံးကို လှုံ့ဆော်ပြီး အစည်းအဝေးလုပ်တာမှာ သုံး၊ လေးယောက်ပဲ တက်တယ်။ ကျွန်တော်တို့ လှုံ့ဆော်ပြီး အစည်းအဝေးဖိတ်ကြားတဲ့အခါမှာ အနည်းဆုံး လူအယောက် နှစ်ဆယ်၊ သုံးဆယ်လောက်တက်ကြတယ်။ ကျွန်တော့်အပေါ်မှာ နွေးနွေးထွေးထွေးရှိကြပါတယ် ” ဦးကျော်ကျော်ထွေး(ခ)ကိုမာကီက ဆိုသည်။
၂၀၂၅ ရွေးကောက်ပွဲပြီးဆုံးသွားလျှင် လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီး အာဏာသုံးရပ်ကို အတတ်နိုင်ဆုံးထိန်းသိမ်းသွား၍ရပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းကြောင်းပေါ်သို့စတင်ရောက်ရှိနိုင်သည့် အရွေ့တစ်ခုဖြစ်ပေါ်လာမည်ဟု ယုံကြည်၍ ယခုရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပြည်သူ့ပါတီကိုယ်စားပြု၍ ကော့မှူးမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသီဟထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဒေါ်တင်တင်သက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဒေါ်ဇင်မျိုးမြတ်တို့က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
