၂၅.၁၂.၂၀၂၄
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာပါဝင်မယ့် ရွှေကြိုမောင်မယ် ပထမအဆင့်ရွေးချယ်ပွဲကို ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီမှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်း၊ အမှတ် (၁၆) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရွှေရတုခန်းမမှာ ကျင်းပခဲ့ပါတယ်။




“ကျွန်တော်တို့အနေနဲ့ လာမယ့် ၂၀၂၅ခုနှစ်က မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုရွေးချယ်ပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်တုကို ကိုင်ဆောင်လာမယ့် ရွှေကြိုမောင်မယ်တွေ ပထမအဆင့်ကို လူတွေ့စစ်ဆေးတာပါ။ ဒီနေ့ကတော့ လာလျှောက်ကြတဲ့ ရွှေကြိုမောင်မယ် အယောက် ၂၅၀ နီးပါး လာရောက်ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒုတိယအဆင့်ရွေးချယ်မှုကိုကတော့ လာမယ့် ၃ ရက်လောက်မှာ စာရင်းထုတ်ပြန်မှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကယ်ဒမီရွှေကြိုဒိုင်အဖြစ်ပါဝင်သူ ဒါရိုက်တာမောင်သီက ပြောပါတယ်။





အဆိုပါ အခမ်းအနားမှာ ရွှေကြို ပထမအဆင့် လူတွေ့ရွေးချယ်ရာမှာ ဒိုင်အဖြစ်မေတ္တာနဲ့ ဆောင်ရွက်ပေးခဲ့ကြတဲ့သူတွေက အကယ်ဒမီများရှင် ရန်အောင်၊အကယ်ဒမီများရှင် မေသန်းနု၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီငြိမ်းမင်း၊ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ ဟိန်းစိုး၊ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်၊ ဦးသန်းဌေး(Triple six ထုတ်လုပ်ရေး)၊ သရုပ်ဆောင်လှမျိုးသဉ္ဇာနွယ်နဲ့ ဦးဆန်းဝင်းဦးတို့က ပါဝင်ပြီး စည်းကမ်းတကျ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။
ရွှေကြိုလျှောက်ထားသူ လူဦးရေ အယောက် ၂၅၀ နီးပါးရှိပြီး ပထမအဆင့်ရွေးချယ်ပွဲကို အပိုင်း ၂ ပိုင်းခွဲကာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိသူတွေကို အဆင့်သုံးအထိ အဆင့်ဆင့်ရွေးချယ်ပေးမှာလည်းဖြစ်ပါတယ်။
နေပြည်တော်မှာ ကျင်းပမယ့် ရွှေကြိုရွေးချယ်ခံရသူ ရွှေကြိုမောင်မယ်တွေကိုတော့ အတွဲ ၁၀ တွဲ (သို့) အတွဲ ၇ တွဲလောက် ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
