၂၁. ၁၂. ၂၀၂၅
MT News Editorial
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခင်းအကျင်းသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပေသည်။ တစ်ဖက်တွင် လက်နက်ကိုင်ပဋိပက္ခများ၏ ပြင်းထန်သော အရှိန်အဟုန်ကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံမှုကင်းမဲ့နေပြီး၊ အခြားတစ်ဖက်တွင်လည်း ရွေးကောက်ပွဲဖြင့် နိုင်ငံရေးအရ အဖြေရှာရန် ကြိုးပမ်းမှုများအပေါ် ပြည်တွင်းပြည်ပမှ အမြင်အမျိုးမျိုးဖြင့် ရှုမြင်လျက် သဘောထားကွဲလွဲမှုများ ရှိနေကြသည်။
သို့သော် အရှိတရားကို မျက်ကွယ်ပြု၍ မရသည်မှာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမှုကို ငြင်းပယ်နေသရွေ့ မြန်မာပြည်သူများသည် နှစ်ဖက်လက်နက်ကိုင်များကြားတွင် ဓားစာခံများအဖြစ် ဆယ်စုနှစ်များစွာ ဆက်လက်ပိတ်မိနေဦးမည်ဖြစ်ပြီး တိုင်းပြည်မှာလည်း နာလန်ထူနိုင်တော့မည် မဟုတ်ပေ ဟူသော အချက်ပင်ဖြစ်သည်။
ကမ္ဘာ့သမိုင်းဖြစ်စဉ်များကို လေ့လာလျှင် မည်မျှပင် ရှုပ်ထွေးသော ပဋိပက္ခဖြစ်ပါစေ နောက်ဆုံး၌ စားပွဲဝိုင်းပေါ်တွင်သာ အဆုံးသတ်ကြရသည်ချည်း ဖြစ်သည်။ အင်္ဂလိပ်စကားပုံတစ်ခုတွင် အနာဂတ်သို့ လျှောက်လှမ်းရမည့်လမ်းကို အတားအဆီးများဖြင့် မဟုတ်ဘဲ ဆန္ဒမဲများဖြင့်သာ ခင်းကျင်းတည်ဆောက်ရသည် (The path to the future is paved with ballots, not barriers.) ဟု ဆိုထားပေသည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ပြီးပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ ၎င်းသည် လက်နက်ကိုင်လမ်းစဉ်မှ နိုင်ငံရေးလမ်းစဉ်သို့ ကူးပြောင်းနိုင်မည့် တစ်ခုတည်းသော တရားဝင် လမ်းကြောင်းဖြစ်နေသည်ကိုလည်း တွေ့ရှိရပေမည်။
ထို့ပြင် ရွေးကောက်ပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ သာယာဝပြောမှုနှင့် တိုးတက်မှုအတွက် အခြေခံအုတ်မြစ်များ ဖြစ်ကြသည် (Elections are the cornerstone of a nation’s prosperity and progress) ဟူသော စကားပုံအတိုင်း ရွေးကောက်ပွဲမှတစ်ဆင့် အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားတစ်ခု ပြန်လည်ပတ်နိုင်မှသာလျှင် တိုင်းပြည်၏ ပျက်စီးနေသော စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည်စတင်နိုင်မည် ဖြစ်သည်။ ရွေးကောက်ပွဲကို လက်မခံဘဲ ပစ်ပယ်ထားခြင်းသည် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်သည့် အခွင့်အလမ်းကို ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။
နိုင်ငံရေးအရ ဆွေးနွေးမှု (Political Dialogue) မရှိဘဲ စစ်မီးကို ငြှိမ်းသတ်နိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှသည်။ ထို့ကြောင့် တိုင်းပြည် ပိုမိုပျက်စီးခြင်းမှ ကာကွယ်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်များကို ငြိမ်းချမ်းစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်၊ ရွေးကောက်ပွဲသည် လက်ရှိအချိန်၌ အကောင်းဆုံးနှင့် အသင့်လျော်ဆုံးသော “နိုင်ငံရေးထွက်ပေါက်” တစ်ခု ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ လက်ရှိရွေးကောက်ပွဲအပေါ် မည်မျှပင် သဘောထားကွဲလွဲနေကြပါစေ လက်နက်ကိုင်ပဋိပက္ခများကြားတွင် အစဉ်အမြဲ နစ်မွန်းနေမည့်အရေးထက်စာလျှင် ရွေးကောက်ပွဲကို နိုင်ငံရေးအရ ထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်ပြီး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေးအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချရန် လိုအပ်နေပါကြောင်း၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာ့အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ဒီမိုကရေစီ၏ အခြေခံလုပ်ငန်းစဉ်ဖြစ်သော ရွေးကောက်ပွဲမှတစ်ဆင့်သာ စတင်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကို ပြန်လည်တည်ဆောက်ရန်အတွက် ရွေးကောက်ပွဲသည် ရှောင်လွှဲ၍မရသော၊ အကောင်းဆုံးသော လက်တွေ့ကျသည့် ထွက်ပေါက်တစ်ခုဖြစ်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် အနာဂတ်အတွက် ရွေးကောက်ပွဲတွင် တာဝန်သိစွာ ပူးပေါင်းပါဝင်ကြပါရန် MT News က တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း….။
