၂၁.၁၂.၂၀၂၅
Written by Thiri
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းက အမှိုက်ကန်ထဲ မွေးကင်းစကလေးစွန့်ပစ်သွားမှု မန္တလေးမှာ ဖြစ်ပွားခဲ့ပြီး ကလေးကိုကျန်းမာအသက်ရှင်လျက် လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်နိုင်ခဲ့သလို လက်ရှိမှာ မွေးစားမိဘတွေလက်ထဲ တရားဝင်လွှဲပြောင်းပေးလိုက်နိုင်ပြီလို့ သိရပါတယ်။
အဆိုပါ မွေးကင်းစသမီးမိန်းကလေးငယ်ကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် (၅၈) လမ်း ၊ ၁၀၂ (A) ထောင့်က အမှိုက်ကန်မှာ ဖြစ်ပွားခဲ့ပြီး အမှိုက်ကန်ထဲ ချက်ကြိုးတန်းလန်းနဲ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်း အလင်းရောင်မကွဲသေးတဲ့ အအေးဓာတ်ကဲနေချိန် စွန့်ပစ်သွားတာလို့ ခန့်မှန်းခြေအားဖြင့် စည်ပင်ဝန်ထမ်းတွေက ပြောပြခဲ့ကြကာ ကလေးကို အမှိုက်ကန်မှာ စတင် တွေ့ရှိချိန်က ဝန်ထမ်းတွေ အလုပ်လုပ်နေပြီမို့ မနက်လေးနာရီ နဲ့ ငါးနာရီ ကြားမှာ ကလေးကို လာရောက်စွန့်ပစ်ခဲ့ဖွယ်ရှိနိုင်ကြောင်းလည်း မြရည်နန္ဒာ လူမှုကူညီရေးအသင်းက ဆိုပါတယ်။




အဆိုပါ စွန့်ပစ်ခံ သမီးလေးကို အေးမေတ္တာဆေးရုံကြီးမှာ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခဲ့ပြီး မြရည်နန္ဒာလူမှုကူညီရေးအသင်းက ဆက်လက်စောင့်ရှောက်ကူညီခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာတော့ လွှဲပြောင်းမွေးစားခွင့် ပေးလိုက်ပြီဖြစ်ကြောင်း မိဘပြည်သူတွေကို အသိပေးထားပါတယ်။
“ကျွန်တော်တို့ အသင်းအနေနဲ့ မွေးစားခွင့် တောင်းခံလာသော မိဘတွေများနေပေမယ့်လည်း ကလေးဘဝရှေ့ရေးကို သေချာရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး၊ ကလေးနဲ့ အဆင်ပြေမယ့် မွေးစားမိဘတွေကို အချက်အလက် စစ်ဆေးပြီး စိတ်ချရတဲ့ ကျောင်းဆရာမ ဇနီးမောင်နှံကို တရားဝင် စာချုပ်စာတမ်းတွေနဲ့မွေးစားခွင့်ပြုလိုက်ပါတယ်” လို့ မြရည်နန္ဒာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
(ဓာတ်ပုံ – မြရည်နန္ဒာလူမှုကူညီရေးအသင်း
