၂၁. ၁၂. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒီဇင်ဘာ ၂၀ ရက်တွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခုဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် အရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ် စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။





မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မင်းဘူးဒေသအတွင်း ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင် နေထိုင်ကြသူများ၊ တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဒေသကိုချစ်သည့်စိတ်၊ နိုင်ငံကောင်းရာကောင်းကျိုးကို လိုလားသည့်စိတ်များဖြင့် ဒေသနှင့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
