၂၀.၁၂.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီဆိုသည့်လေ ၀၀ရှုရန် ရေအောက်ကြမ်းပြင်ကို ထိနေရာမှ အပေါ်သို့ ပြန်တက်လာတော့မည့် သဘာ၀ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းကပြုလုပ်ခဲ့သည့် မဲဆွယ်ဟောပြောပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးသည် ယနေ့ ညနေပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံဟောပြောပွဲကို သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းတွင်ပြုလုပ်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက “ပထမဦးဆုံး ၁၉၇၄ ခုနှစ်မှာ ရေထဲကို ပြုတ်ကျတဲ့ သူလိုပဲ။ ၁၉၈၈ ကြတော့လည်း ရေလယ်ခေါင်ထဲမှာ ခါးလယ်လောက် နစ်သွားပြီ။ အခုလာတဲ့ ၂၀၂၁ ဒီအရေးတော်ပုံကြတော့ တစ်တိုင်းပြည်လုံးနဲ့ ပတ်သက်သွားပြီ။ လူလည်း အသေအပျောက်တွေ တအားများသွားပြီ။ ဒီမိုကရေစီကြွေးကြော်သံတွေရော၊ ဘာသံတွေရော စုံသွားပြီ။ ကျွန်တော်တို့အားလုံး ရေအောက်ကြမ်းပြင်ကို ထိသွားပြီ။ ဒီထက်လည်း သေလို့မဖြစ်တော့ဘူး။ ဒီထက်လည်း ဒုက္ခရောက်လို့ မဖြစ်တော့ဘူး။ ရေအောက်ကြမ်းပြင်ထိသွားပြီဖြစ်တဲ့အတွက် အခုလာမဲ့ ၂၀၂၅ မှာ ကြမ်းပြင်ကို ထိပြီးရင် အပေါ်ကိုပြန်တက်လာတဲ့ သဘာ၀။ ဟုတ်လား။ ထုံးစံဖြစ်တဲ့အတွက် အခုလာမဲ့ ၂၀၂၅ မှာ ကျွန်တော်တို့ ဒီမိုကရေစီဆိုတဲ့ လေကို ၀၀ရှုဖို့အတွက် ရေအောက်ကနေ ဝေါခနဲဆိုပြီးတော့ ပြန်တက်လာတော့မယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောကြားလိုပါတယ် ” ဟု ဟောပြောရာတွင် ထည့်သွင်းပြောကြားခဲ့သည်။






ထို့ပြင် ရွေးကောက်ပွဲ ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မပျင်းမရိနှင့် ကြောက်လန့်ခြင်းမရှိဘဲ မဲသွားပေးကြရန် တိုက်တွန်းကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“အခုလာမဲ့ ရွေးကောက်ပွဲမှာ မပျင်းပါနဲ့။ မရိပါနဲ့။ မကြောက်ပါနဲ့။ မလန့်ပါနဲ့။ မိမိရရှိတဲ အခွင့်အရေးကို ဟုတ်လား မဲရုံးကို ခပ်တည်တည်နဲ့သွား။ သွားပြီးတဲ့အခါကြရင် မဲရုံထဲကို ဝင်သွားပြီဆိုတာနဲ့ သေသေချာကြည့်။ အရင်တုန်းကလို အမှန်ခြစ်ကလေး ခြစ်ရတဲ့ခေတ်မဟုတ်ဘူး။ ခလုတ်နှိပ်ရတဲ့ ခေတ်။ ခလုတ်ဆိုတာလည်း ခင်ဗျားတို့ YBS စီးဖူးမှာပါ။ အဲဒီလိုလေးပါ။ ဘာမှထူးထူးဆန်းဆန်းမဟုတ်ပါဘူး ” ဟု ဦးကျော်စွာစိုးက ဆိုသည်။
မိမိ၏ နိုင်ငံရေးလှုပ်ရှားမှု ၂၀၁၀ မှ ၂၀၂၅ ခုနှစ်အတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မဲဆွယ်ဟောပြောမှုမှာ ပထမဦးဆုံးဖြစ်ပြီး တောင်ညွန့်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမှားလုပ်လျှင် မိမိထံတိုက်ရိုက်လာရောက် တိုင်ကြားနိုင်ပြီး ချက်ချင်းအရေးယူမည်ဖြစ်ကြောင်း ဦးကျော်စွာစိုးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ မင်္ဂလာတောင်ညွန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြကေသီ၊ အမှတ်(၄) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးညီညီဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
