၂၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို စနစ်တကျ ဖြစ်ပေါ်လာအောင် ဦးဆောင်ပေးခဲ့သကဲ့သို့ မြန်မာ့ဒီမိုကရေစီစနစ် ခိုင်မာအောင် တည့်မတ်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ယနေ့ တွေ့ဆုံအမှာစကားပြောကြာစဉ် ထည့်သွင်းပြောကြားသည်။
မကြာမီ ရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲပြီးစီးချိန်တွင် အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော်သားများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း တပ်တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။






တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စနစ်တကျ ဖြစ်ပေါ်လာအောင် ဦးဆောင်၍ ဖော်ဆောင်ပေးခဲ့သည့် အဖွဲ့အစည်းဖြစ်သကဲ့သို့ မြန်မာ့ဒီမိုကရေစီစနစ် ခိုင်မာအောင် တည့်မတ်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း တပ်တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ပထမဒီမိုကရေစီအစိုးရ သက်တမ်းနှင့် ဒုတိယဒီမိုကရေစီအစိုးရသက်တမ်းတွင်လည်း တပ်မတော်သည် ဒီမိုကရေစီ အစိုးရအဖွဲ့များနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင် အကြမ်းဖက်မှုများအကြားမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်ကိုလည်း တပ်မတော်ကသာ ဦးဆောင်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တပ်တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူများကို ရွေးခြယ်၍ ဆန္ဒမဲပေးကြရန်လိုကြောင်း တပ်တော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
