၂၀.၁၂.၂၀၂၅
Written by Nay Yaung Lin
ပြည်သူ့ပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့က ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၅၈ (ဂ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ပါတီမှ ဒီဇင်ဘာ ၂၀ ရက်တွင် သိရသည်။
ထိုသို့ ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၅၈ (ဂ) ဖြင့် တရားစွဲဆိုခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင့်မြင့်အနေဖြင့် လက်ရှိတွင် အာမခံရရှိထားသော်လည်း သင်္ဃန်းမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၂၃ ရက်တွင် အမှုရုံးချိန်း သွားရောက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ” ဟုတ်ပါတယ်။ အာမခံပေးထားပါတယ်။ သူလုပ်စရာရှိတဲ့ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းတွေ ဆက်ပြီး လုပ်နေမှာပါ။ ရုံးချိန်းခေါ်တာထားရှိတယ်။ အဲဒီနေ့ကြမှပဲ ဘာထူးခြားမလဲ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ ” ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်၏ ဖုန်းကို စစ်ဆေးရန်ရှိ၍ CID က သိမ်းဆည်းထားကြောင်း၊ ဥပဒေကြောင်းအရ အရေးယူခံရမည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း ဦးလှဌေးက ဆက်လက်ပြောကြားခဲ့သည်။
” ဦးလွင်မြင့်ရဲ့ ဖုန်းကို လောလောဆယ် CID က သိမ်းထားတယ်။ ဖုန်းတွေကို စစ်မယ်လို့ ဒါပဲ ကျွန်တော်သိရသေးတယ်။ ဥပဒေကြောင်းအရ အပြစ်ရှိတယ်ဆိုရင် အရေးယူခံရတယ်ဆိုရင်တော့ ရွေးကောက်ပွဲ ဥပဒေအရ ကိုယ်စားလှယ်လောင်းကနေ ပယ်ဖျက်ခံရမှာပါ ” ဟု ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှဌေးက ပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၇ ရက်၊ ညပိုင်းတွင် နေအိမ်မှ စခန်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့နောက် စစ်ဆေးမေးမြန်မှုးများပြုလုပ်ခဲ့ပြီး ကိုယ်စားလှယ်လောင်း နှစ်ဦးက အာမခံပေးခဲ့သဖြင့် အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ် အကြမ်းဖက်လှုပ်ရှားမှုတွင် ၎င်း၏သား ပါဝင်ခဲ့ကြောင်း ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့သည့် သင်္ဃန်းကျွန်းမြိုနယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ (PP) မှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်အား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ပါတီ(PP)မှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က ၎င်း၏သားသည် ၂၀၂၁ ခုနှစ် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်းနှင့် မကြာသေးမီကမှ ထောင်မှ လွတ်မြောက်ခဲ့ကြောင်း ပြောဆို၍ မဲဆွယ်စည်းရုံးသည့် ရုပ်သံကို ထုတ်လွှင့်ပြောဆိုထားကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်၍ ဦးလွင်မြင့်သည် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ မီဒီယာများ၏ မေးမြန်းထားမှုအပေါ် UEC က “ဦးလွင်မြင့်ဟာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေး ပြောဆိုသူဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ UEC မှ ဖြေကြားပေးနိုင် ပါရန် နောင်တော်လေး Myanmar National Post ၏ မေးခွန်းနှင့်စပ်လျဉ်း၍ မေးခွန်း ပါအကြောင်းအရာ မှန်ကန်ပါက တရားစွဲအဖွဲအစည်းများက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို အရေးယူဆောင်ရွက်ပြီးလျင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်သော လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များဖြင့် ဆက်လက် အရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဖြေကြားထားသည်။
ထိုသို့ UEC က ဖြေကြားပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သက်ဆိုင်ရာက နိုဝင်ဘာ ၁၇ ရက်တွင် ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
