၂၀.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဥရောပသမဂ္ဂအဖွဲ့အတွင်း ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွက် ချေးငွေအဖြစ် အသုံးပြုဖို့ အစီအစဉ်အပေါ် ဘရပ်ဆဲလ်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ထိပ်သီး အစည်းအဝေးက အောင်မြင်မှုမရရှိခဲ့တဲ့နောက်မှာတော့ ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း) အစိုးရက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို တစ်ဖက်သတ် သိမ်းယူမှာမဟုတ်ဘူးလို့ အစိုးရအရာရှိတစ်ဦးက ပြောခဲ့တယ်ဆိုတာ Financial Times သတင်းစာက ကိုးကားဖော်ပြခဲ့ပါတယ်။
အဆိုပါ ဗြိတိန်အစိုးရ အရာရှိက “ကျွန်တော်တို့ဟာ ဒီကိစ္စကို နိုင်ငံတကာမိတ်ဖက်တွေ မပါဘဲ မလုပ်ဆောင်နိုင်ပါ” လို့ ပြောကြားခဲ့ပြီး ဗြိတိန်ဟာ “ယူကရိန်းနိုင်ငံရဲ့ ဘဏ္ဍာရေး ဆိုင်ရာအတွက် G7 နဲ့ ဥရောပသမဂ္ဂတို့နဲ့နီးကပ်စွာ ဆက်လက်လုပ်ဆောင်သွားမယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အရင်ကတော့ ရုရှားပိုင်ဆိုင်မှုတွေနဲ့ ယူကရိန်းကိုချေးငွေမှာ ပေါင်စတာလင် ရှစ်ဘီလျံ (ဒေါ်လာ ၁၀ ဒသမ ၆ ဘီလျံ) ခွဲဝေပါဝင်ဖို့ ဗြိတိန်အစိုးရက ပြင်ဆင်ထားတာပါ။
ယူကရိန်းအစိုးရရဲ့ အရေးပေါ်ဘဏ္ဍာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကမ္ဘာ့ဘဏ်ရဲ့ ဒေါ်လာ နှစ်ဘီလျံ ချေးငွေအာမခံချက်တွေကို ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ယူကရိန်းကို ပေးအပ်ဖို့ ဗြိတိန်အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့လည်း Financial Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ ၂၀၃၀ ပြည့်နှစ်အထိ ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီအတွက် နှစ်စဉ် ပေါင် စတာလင် သုံးဘီလျံ (ဒေါ်လာ ၄ ဘီလျံ) ထောက်ပံ့ပေးဖို့ ဗြိတိန်အစိုးရက ကတိပြုထားဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးဟာ ၁၇ နာရီကြာ ဆွေးနွေးမှုအပြီးမှာတော့ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေ ဥရောပမှာအများဆုံးတည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ ဆန့်ကျင်မှုကို မကျော်လွှားနိုင်ဘဲ ရုရှားကို သိမ်းယူဖို့ သဘောတူညီမှု မရရှိခဲ့ဘဲဖြစ်ကာ ဒီဇင်ဘာလ ၁၉ ရက် နံနက်အစောပိုင်းမှာ ပြီးဆုံးခဲ့ပါတယ်။ အစည်းအဝေးတက်ရောက်သူများက မျှော်မှန်းနိုင်တဲ့ အနာဂတ်မှာ မိမိဆန္ဒအလျောက် ပြန်လည်ပေးအပ်ဖို့ အလားအလာမရှိဘဲ ၎င်းတို့ရဲ့ အကန့်အသတ်မရှိ ရပ်ဆိုင်းမှုကို အတည်ပြုခဲ့ကြပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေက ၂၀၂၆-၂၀၂၇ ခုနှစ်မှာ ယူကရိန်းကို ယူရိုငွေ ဘီလျံ ၉၀ ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဥရောပသမဂ္ဂရဲ့ ချေးငွေမှာ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံတို့က တရားဝင်ပါဝင်ရန် ငြင်းဆိုခဲ့ကြပါတယ်။ ယူကရိန်းက ချေးငွေကို အတိုးနှုန်းသုညရာခိုင်နှုန်းနဲ့ ရရှိမှာဖြစ်ပြီး ရုရှားထံမှ အပြည့်အဝ လျော်ကြေးငွေရရှိပါက ပြန်လည်ပေးဆပ်ရမှာပါ။
Ref- Financial Times
