၁၈.၁၂.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်အတွင်း၌ ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက်တွင် မြေသယ်ထရပ်ကားတစ်စီးက ခုံးကျော်မိုးပျံတံတားတစ်စင်းကို ဝင်တိုက်မိပြီးနောက် တံတားက ဘန်နာ-ထရတ် လမ်းမပေါ် တွင် သွားလာနေသော ကားနှစ်စီးပေါ်သို့ ပြိုကျခဲ့ရာ ခရီးသည်သုံးဦး ပိတ်မိနေခဲ့ပြီး လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
Ruam Katanyu Foundation မှ ဘန်ဘိုခရိုင်၊ ဘန်ဖလီနွိုင်မြို့ရှိ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားများကို အရေးပေါ်စေလွှတ်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်သည် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဒီဘာရတ်နာလမ်းဟုလည်း လူသိများသော ဘန်နာ-ထရတ်လမ်း၏ ကီလိုမီတာတိုင် ၃၄ ရှိ ဘန်ကောက်သို့ ဦးတည်သော လမ်းကြောပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ယာဉ်သွားလာရေးသတင်းများကလည်း ဖော်ပြခဲ့သည်။



ဒေသခံသတင်းမီဒီယာများက ၁၈ ဘီးပါ မြေသယ်ယာဉ်သည် ဝန်များကိုတင်ဆောင်၍ မောင်းနှင်လာစဉ် လမ်းဆုံလမ်းခွ၌ မိုးပျံတံတားကို ဝင်တိုက်မိပြီး တံတား၏အစိတ်အပိုင်းတစ်ခု ပြိုကျသွားကြောင်း ဖော်ပြခဲ့သည်။
ပြိုကျကွန်ကရစ်အဆောက်အအုံသည် ထရပ်ကား၏ ရှေ့ပိုင်းနှင့် ၎င်းဘေးတွင် မောင်းနှင်နေသော ကြက်ဥများ တင်ဆောင်လာသော ပစ်ကပ်ထရပ်ကား၏ အမိုးပေါ်သို့ ပြုတ်ကျခဲ့သည်။
လူသုံးဦးသည် ကားများထဲတွင် ပိတ်မိနေပြီး ကယ်ဆယ်ရေးသမားများသည် ကိရိယာများကို အသုံးပြု၍ ၎င်းတို့ကို ကယ်ထုတ်နေကြသည်။ အဆိုပါဖြစ်ရပ်ကြောင့် လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သောကြောင့် ရဲများက ယာဉ်ကြောပိတ်ဆို့မှုကို စီမံခန့်ခွဲနေကြောင်းသိရသည်။
Ref-Bangkok Post
