◾️ ခရီးသွားကုမ္ပဏီနှင့်အေဂျင်စီများ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ်အတွက် RBE ရထား (တစ်စီးလုံး) ငှားရမ်းနိုင်မည်
၁၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြင်ဦးလွင်-ဇီးပင်ကြီး-ပြင်ဦးလွင်ခရီးစဉ်နှင့် RBE ရထားဖြင့် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင်ခရီးစဉ်များကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့်ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-လားရှိုး လမ်းပိုင်းရှိ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ် လမ်းပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေ တောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဇီးပင်ကြီး-ပြင်ဦးလွင် – ဇီးပင်ကြီးခရီးစဉ်အား ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL) အသုံးပြုပြီး အမှတ်(၁၃၁)အဆန် ဇီးပင်ကြီး-ပြင်ဦးလွင်၊ အမှတ်(၁၃၂)အစုန် ပြင်ဦးလွင်- ဇီးပင်ကြီး ရထားခရီးစဉ်နှင့် RBE ရထားဖြင့် ဂုတ်ထိပ်(၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရထားခရီးစဉ်များကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးမည်ဖြစ်သည်။
ဘက်ထရီလျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ် (၁၃၁)အဆန်ရထားသည် ဇီးပင်ကြီး ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကာ ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင်ရောက်ရှိရပ်နားပြီး ဂုတ်ထိပ်(၂)RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
ပြင်ဦးလွင်မှ ဇီးပင်ကြီးသို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် ပြင်ဦးလွင်ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမည့် အမှတ် (၁၃၂) အစုန် BEL ရထားဖြင့် ဆက်လက်လိုက်ပါနိုင်ပြီး ဇီးပင်ကြီးသို့ ညနေ ၆ နာရီ တွင် ဆိုက်ရောက်မည်ဖြစ်သည်။
ဇီးပင်ကြီး-ပြင်ဦးလွင်၊ ပြင်ဦးလွင်-ဇီးပင်ကြီး BEL ရထားခရီးစဉ်တွင် အထက်တန်း လူစီးတွဲတစ်တွဲ၊ ရိုးရိုတန်း လူစီးတွဲနှစ်တွဲနှင့် ဘရိတ်တွဲတစ်တွဲပါရှိပြီး လက်မှတ်ခနှုန်းထားမှာ ဇီးပင်ကြီးမှ ပြင်ဦးလွင်အထိ ရိုးရိုးတန်း ကျပ် ၅,၀၀၀ နှင့် အထက်တန်းကျပ် ၁၀,၀၀၀ ဖြစ်သည်။
ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ ပြင်ဦးလွင်မှ ဂုတ်ထိပ်အထိ ကျပ် ၁၅၀၀၀ ဖြစ်ပြီး လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာများနှင့် ပြင်ဦးလွင် – ဇီးပင်ကြီးခရီးစဉ်၌ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်သည်။
နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါ ပြင်ဦးလွင်-ဂုတ်ထိပ် အသွား၊ အပြန်ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွား အေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ RBE ရထား (တစ်စီးလုံး) ငှားရမ်းလိုပါက ၂၄ ဦး လိုက်ပါစီးနင်းနိုင်ပြီး အသွား၊ အပြန် ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်းကျပ်ခုနစ်သိန်း နှစ်သောင်းကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
