၁၈.၁၂.၂၀၂၅
Written by Linn Eain
ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ စာပေနှင့်အနုပညာမူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်များအတွက် ဥပဒေနှင့်အညီ မှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဒီဇင်ဘာ ၁၈ ရက်တွင် အသိပေးကြေညာထားသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များနှင့် ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်များ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေသည် အမိန့်ကြော်ငြာစာ အမှတ် (၂၁၈/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် အာဏာသက်ဝင်ခဲ့ပြီး မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် စတင်လက်ခံဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများကို မူပိုင်ခွင့်ဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ အီလက်ထရောနစ်စနစ် (CR File System) ကို အသုံးပြု၍လည်းကောင်း လျှောက်ထားနိုင်ပြီး မူပိုင်ခွင့်ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် စာပေနှင့်အနုပညာမူပိုင်ခွင့် ကိုယ်စားလှယ်သင်တန်းတက်ရောက်ပြီးဖြစ်သည့် ကိုယ်စားလှယ်နှင့်လည်း လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့ပြင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ အမှတ်တံဆိပ်များ ပြန်လည်မှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်ပြီး အမှတ်တံဆိပ်မှတ်ပုံတင်လက်မှတ် ၁၁၇၀၈ စောင်ကို ခွင့်ပြုထုတ်ပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အသိကြေညာချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမှတ်တံဆိပ်များကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လျှောက်ထားပြီး မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ကြောင်း အသိပေးကြေညာထားသည်။
ထို့ကြောင့် အသုံးပြုခြင်းဆိုင်ရာဦးစားပေးအခွင့်အရေးနှင့်အတူ လျှောက်ထားနိုင်သော အမှတ်တံဆိပ်အဟောင်းများကို မူပိုင်ခွင့်အကာအကွယ်ရယူရန်သာမက အမှတ်တံဆိပ်အသစ်များကိုလည်း မူပိုင်ခွင့်အကာအကွယ် ရယူနိုင်ရေးအတွက် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်ကစ၍ တရားဝင်စတင် လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်အထိ လက်ခံဆောင်ရွက်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက် စုစုပေါင်း ၆၀၀၀၀ ကျော် လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလျှောက်ထားချက်များကို နှစ်အလိုက်အစီအစဉ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းကို ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်းအား ၂၀၂၄ ခုနှစ်၊ မေ ၁ ရက်ကစ၍ လစဉ် ၁ ရက်နေ့တိုင်းတွင် ထုတ်ပြန်ကြေညာလျက်ရှိသည်။
ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာချက်အပေါ် ကန့်ကွက်သူမရှိသည့်လျှောက်ထားချက်များကို အမှတ်တံဆိပ်မှတ်ပုံတင် လက်မှတ်ထုတ်ပေးလျက်ရှိပြီး စုစုပေါင်း ၁၁၇၀၈ စောင်ထုတ်ပေးခဲ့ကာ အမှတ်တံဆိပ်မှတ်ပုံတင် ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခြင်းအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကစတင်၍ ၁၂ ကြိမ်အထိ ထုတ်ပြန်ကြေညာခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
ဆက်လက်၍ တီထွင်မှုမူပိုင်ခွင့်ဥပဒေအား ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်တွင် အာဏာသက်ဝင်နိုင်ခဲ့ပြီး တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှု မူပိုင်ခွင့် လျှောက်ထားချက်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်က စတင်၍ မူပိုင်ခွင့်ဦးစီးဌာနမှ တရားဝင်လက်ခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တီထွင်မှုမူပိုင်ခွင့်ဥပဒေသည်အသစ်ဖြစ်သော တီထွင်ဖန်တီးမှုများကို ဥပဒေအရအကာအကွယ်ပေးသည့်စနစ်ဖြစ်ပြီး တီထွင်သူများအနေဖြင့် မိမိတို့တီထွင်ထားရှိသော တီထွင်ဖန်တီးမှုမှန်သမျှကို အခြားတစ်ဦးဦးမှ အလွယ်တကူ ကူးယူခြင်းမခံရစေရန် တီထွင်မှုမူပိုင်ခွင့် အကာအကွယ်ရယူထားရမည်ဖြစ်ကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှုမူပိုင်ခွင့်ဟူ၍ အမျိုးအစားနှစ်မျိုးဖြင့် အကာအကွယ်ရယူနိုင်ကြောင်း သိရသည်။
တီထွင်မှုမူပိုင်ခွင့်သည် လျှောက်ထားသောနိုင်ငံ သို့မဟုတ် ဒေသအတွင်း၌သာ မူပိုင်ခွင့်ရရှိနိုင်သည့်စနစ်ဖြစ်ပြီး တီထွင်မှုမူပိုင်ခွင့်၏ သက်တမ်းမှာ လျှောက်ထားသည့်နေ့မှ နှစ် ၂၀ ဖြစ်ကာ အသေးစားတီထွင်မှုမူပိုင်ခွင့်၏ သက်တမ်းမှာ လျှောက် ထားသည့် နေ့မှ ၁၀ နှစ်ဖြစ်ကြောင်း၊ တီထွင်မှုမူပိုင်ခွင့်နှင့် အသေးစားတီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းများကို မူပိုင်ခွင့်ဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တီထွင်မှုမူပိုင်ခွင့် အကျိုးဆောင်ကိုယ်စားလှယ်သင်တန်း တက်ရောက်အောင်မြင်ပြီး WIPO File Account ရရှိထားသော ကိုယ်စားလှယ်များမှ အီလက်ထရောနစ်မှတ်ပုံတင်စနစ် (WIPO File System) ကို အသုံးပြု၍လည်းကောင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
ထို့အတူ စက်မှုဒီဇိုင်း မှတ်ပုံတင်လျှောက်ထားခြင်းများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လက်ခံစစ်ဆေးဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ရရှိပါက မူပိုင်ခွင့်မှတ်ပုံတင်သက်တမ်းကာလမှာ စက်မှုဒီဇိုင်းစတင် လျှောက်ထားသည့်နေ့မှ ကနဦး (၅)နှစ်တာကာလနှင့် နောက်ထပ် (၅)နှစ် (၂) ကြိမ် သက်တမ်းတိုးနိုင်ပြီး၊ စုစုပေါင်း (၁၅) နှစ် သက်တမ်းရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဒီဇိုင်းမူပိုင်ခွင့်ရရှိရန်အတွက် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားခြင်းကို ကိုယ်တိုင်ဖြစ်စေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ကိုယ်စားလှယ်သင်တန်းအောင်မြင်ပြီးသည့် ကိုယ်စားလှယ်ဖြင့်ဖြစ်စေ မူပိုင်ခွင့်ဦးစီး ဌာနအောက်ရှိ လျှောက်လွှာလက်ခံဌာန နေပြည်တော်(ရုံးချုပ်)၊ အောက်မြန်မာပြည် ရုံးခွဲ(ရန်ကုန်) နှင့် အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး) တို့တွင်လာရောက်လျှောက်ထားခြင်းဖြင့်လည်းကောင်း၊ ဦးစီးဌာနက သတ်မှတ်ထားသည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် (WIPO File System) ဖြင့် လည်းကောင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
အထက်ပါ ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာများအတွက် လိုအပ်သော လျှောက်လွှာပုံစံများ၊ အခကြေးငွေများနှင့် လျှောက်လွှာဖြည့်သွင်းခြင်းဆိုင်ရာလမ်းညွှန်ချက်များကို (ipd.gov.mm) တွင် ကြည့်ရှုနိုင်ပြီး မူပိုင်ခွင့်ဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်) (၀၆၇ ၃၄၃၀၅၉၄)၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ (၀၆၇ ၃၄၃၀၅၉၇)၊ တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ (၀၆၇ ၃၄၃၀၅၉၅) ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ (၀၆၇ ၃၄၃၀၅၉၈) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။
