၁၈.၁၂.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနဲ့ ဥရောပနိုင်ငံရေးသမားတွေဟာ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဖြေရှင်းချက်အတွက် အမေရိကန်ရဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ပါဝင်မှုမရှိခဲ့ပါက ရုရှားအနေနဲ့ ယူကရိန်းပိုင် နယ်မြေတွေကို အင်အားသုံး၍ ပိုမိုသိမ်းပိုက်မယ်လို့ ဒီဇင်လာလ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အဆိုပြုချက်တွေနဲ့ ပတ်သက်လို့ အမေရိကန်က ရုရှားနဲ့ရော ယူကရိန်းနဲ့ ဥရောပမဟာမိတ်တွေနဲ့ပါ သီးခြားစီ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သဘောတူညီချက် မရရှိခဲ့ပါဘူး။ ယူကရိန်းနဲ့ ဥရောပနိုင်ငံရေးသမားတွေ အဆိုပြုချက်မှာ ယူကရိန်းကိုနယ်မြေတွေစွန့်လွှတ်ဖို့ တောင်းဆိုမှုတွေအပေါ် စိုးရိမ်ပူပန်နေကြပြီး ယူကရိန်းအတွက် ပိုမိုခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေကို လိုချင်ကြပါတယ်။
ရုရှားနိုင်ငံဟာ စစ်မျက်နှာ အားလုံးမှာ ချီတက်နေပြီး သူ့ရဲ့ရည်မှန်းချက်တွေကို အင်အားသုံး၍ ဒါမှမဟုတ် သံတမန်ရေးနဲ့ အောင်မြင်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်ပတ်လည်အစည်းအဝေးတစ်ခုမှာ ပူတင်က ပြောကြားခဲ့ပါတယ်။
ရုရှားက ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ထိန်းချုပ်ထားသလိုပဲ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအများစု၊ ခါဆန်နှင့် ဇာပိုရစ်ဇီးယားဒေသအများစုနဲ့ အခြားဒေသလေးခုရဲ့ အစိတ်အပိုင်းတွေအပါအဝင် ယူကရိန်းနိုင်ငံရဲ့ ၁၉ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
ခရိုင်းမီးယား၊ ဒွန်ဘတ်စ်၊ ခါဆန်နှင့် ဇာပိုရစ်ဇီးယားတို့ဟာ အခုအခါ ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။ ယူကရိန်းက ရုရှားရဲ့ပြောကြားချက်ကို ဘယ်တော့မှ လက်မခံဘဲ တခြားနိုင်ငံအားလုံးနီးပါးက ထိုဒေသတွေကို ယူကရိန်းပိုင်နက် အစိတ်အပိုင်းတွေအဖြစ်သာ သတ်မှတ်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ဥရောပခေါင်းဆောင်တွေကတော့ သူတို့ဟာ ယူကရိန်းအစိုးရဘက်က ရပ်တည်ပြီး ယူကရိန်းစစ်ပွဲအတွက် ရုရှားက အကျိုးကျေးဇူးဆုလဒ်မရသင့်ဘူးလို့ ပြောကြားခဲ့ကြပါတယ်။
ပူတင်ကလည်း “ဝက်ပေါက်စလေးတွေ” လို့ သူဖော်ပြခဲ့တဲ့ ဥရောပနိုင်ငံရေးသမားတွေက ရုရှားဟာ တစ်နေ့မှာ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုကို တိုက်ခိုက်နိုင်တယ်လို့ သတိပေးကာ ရုရှားနဲ့ စစ်ပွဲ ဖြစ်နိုင်ခြေရှိတယ်လို့ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ပေါ်စေကြတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ပူတင်က“ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ဒါဟာ လိမ်ညာမှု၊ အဓိပ္ပာယ်မရှိတဲ့၊ စိတ်ကူးယဉ်ဆန်တဲ့၊ အဓိပ္ပာယ်မရှိတဲ့ ရုရှားရဲ့ခြိမ်းခြောက်မှုတစ်ခုအကြောင်း လိမ်ညာမှုတစ်ခုပါပဲ။ ဒါပေမယ့် ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာပါ” လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
Ref- Business Day
