◾️ ရောင်းချပေးမည့် တိုက်ခန်းများသည် ၃၂၄ စတုရန်းပေ ကျယ်ဝန်းပြီး ဈေးနှုန်း ကျပ်သိန်း ၁၂၀ မှ ကျပ်သိန်း ၂၀၀ အထိရှိ
၁၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာအိမ်ရာရှိ တိုက်ခန်းပေါင်း ၉၆ ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ လာမည့်ဇန်နဝါရီလတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ထားသော ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာရှိ ၁၂ ခန်းတွဲ ၄ ထပ်တိုက် ၂ လုံး၊ အခန်း ၉၆ ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) ၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားရှိသူ ၂,၀၉၃ ဦးစာရင်းတွင် ပါဝင်သူများ စာရင်းပေးသွင်း လျှောက်ထားနိုင်မည်ဖြစ်သည်။
စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page ၏ Messenger မှတစ်ဆင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အတွင်း နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားပါက အမည်၊ မှတ်ပုံတင်အမှတ်၊ CHID Bank ၏ Down Payment Serial No များ ပေးပို့လျှောက်ထားရမည်ဖြစ်သော်လည်း တိုက်အမှတ်၊ အခန်းအမှတ်များ ရွေးချယ်လျှောက်ထားခွင့်မရှိပေ။
စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်မည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံးအမှတ်စဉ်များအား မဲနှိုက်ခွင့်ပြုမည်ဖြစ်ပြီး အခန်းမဲနှိုက်ခြင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ရောင်းချပေးမည့် တိုက်ခန်းသည် ၃၂၄ စတုရန်းပေ ကျယ်ဝန်းပြီး ဈေးနှုန်းများမှာ မြေညီထပ် ထောင့်ခန်း ကျပ်သိန်း ၂၀၀ နှင့် အလယ်ခန်း ကျပ်သန်း ၁၉၀၊ ပထမထပ် ထောင့်ခန်း ကျပ် ၁၆၅ သိန်းနှင့် အလယ်ခန်း ကျပ်သိန်း ၁၆၀၊ ဒုတိယထပ် ထောင့်ခန်း ကျပ် ၁၃၅ သိန်းနှင့် အလယ်ခန်း ကျပ်သိန်း ၁၃၀၊ တတိယထပ် ထောင့်ခန်း ကျပ် ၁၂၅ သိန်းနှင့် အလယ်ခန်း ကျပ်သိန်း ၁၂၀ ဖြစ်ကြောင်း သိရသည်။
အထက်ပါကိစ္စရပ်များအား သိရှိလိုသည်များ စုံစမ်းမေးမြန်းလိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဖုန်း -၀၉-၇၉၅၈၂၄၇၂၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။



