◾️ စက်သုံးဈေးနှုန်းများလည်း ယခုဒီဇင်ဘာ ပထမနှစ်ပတ်အတွင်း ကျဆင်းထားသည့် ဈေးနှုန်းအတိုင်း တည်ငြိမ်နေ
၁၈. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၂ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ရှစ်လခွဲကျော်အတွင်း ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း၊ ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၉၉ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၁၂၂ သန်းနှင့် နိုဝင်ဘာလတွင် ဒေါ်လာ ၁၁၅ သန်း ထုတ်ရောင်းပေးထားသည်။

ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဒီဇင်ဘာလအတွင်း သုံးကြိမ်ရောင်းချပေးမှု စုစုပေါင်း ဒေါ်လာသန်း ၉၀ ရှိ၍ ယခုဘဏ္ဍာနှစ် ရှစ်လခွဲကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ဒေါ်လာ ၁,၀၀၉ သန်း (၁ ဒသမ ၀၀၉ ဘီလျံ)နှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒီဇင်ဘာလ ပထမအပတ်နှင့် ဒုတိယအပတ် နှစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများသည် ဓာတ်ဆီ ၉၅ တစ်လီတာ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၃၄၅ ကျပ် ကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှစတင်၍ အဆိုပါ အကျဈေးနှုန်းအတိုင်းသာ ပြောင်းလဲမှုမရှိတည်ငြိမ်လျက်ရှိသည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၄၉၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂,၅၄၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၂၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂,၆၈၅ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။
