သတိုး
၁၈. ၁၂. ၂၀၂၅
တရုတ်နိုင်ငံ၏ စစ်မက်ပြုလာနိုင်ခြေကို ဟန့်တားရန် ကြိုးပမ်းနေစဉ်အတွင်း ထိုင်ဝမ် (တရုတ်တိုင်ပေ) ကျွန်းအတွက် အကြီးမားဆုံး လက်နက်ရောင်းချမှု အစီအစဉ်တစ်ခုအဖြစ် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံကျော် (၁၁ ဒသမ ၁ ဘီလျံ) တန်ဖိုးရှိ လက်နက်များ ရောင်းချရန် အမေရိကန်က အတည်ပြုလိုက်ကြောင်း ထိုင်ဝမ်က ကြာသပတေးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
ဝါရှင်တန်သည် ထိုင်ဝမ်၏ အကြီးမားဆုံး လက်နက်ထောက်ပံ့သူ ဖြစ်သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်၏ ပြောကြားချက်အချို့ကြောင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ဤကျွန်းကို အမေရိကန်က ကာကွယ်ပေးလိုသည့် စိတ်ဆန္ဒအပေါ် သံသယများ ထွက်ပေါ်ခဲ့ဖူးသည်။

တရုတ်နိုင်ငံက စစ်ရေးအရ ဖိအားပေးမှုများ ပြင်းထန်လာသောကြောင့် ထိုင်ဝမ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ခဲ့သည်။ သို့သော်လည်း ထရမ့်ပ်အစိုးရက ထိုင်ဝမ်အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် ယခုထက်ပို၍ လုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။
ကြာသပတေးနေ့က ကြေညာခဲ့သော လက်နက်ရောင်းချမှုသည် အမေရိကန်လွှတ်တော်၏ အတည်ပြုချက်ရယူရန် လိုအပ်နေသေးသော်လည်း ဇန်နဝါရီလတွင် ထရမ့်ပ်က သမ္မတတာဝန် ပြန်လည်ရယူပြီးနောက်ပိုင်း ဒုတိယမြောက် လက်နက်ရောင်းချမှု ဖြစ်လာမည်ဖြစ်သည်။ ပထမအကြိမ်အဖြစ် နိုဝင်ဘာလတွင် ဒေါ်လာ ၃၃၀ သန်း တန်ဖိုးရှိ အပိုပစ္စည်းနှင့် အစိတ်အပိုင်းများကို ရောင်းချခဲ့သည်။
ယခု နောက်ဆုံးရောင်းချမည့် ပိုမိုကြီးမားသော လက်နက်စာရင်းတွင် HIMARS ရော့ကက်စနစ်များ၊ အမြောက်ကြီးများ၊ တင့်ကားဖျက်ဒုံးကျည်များ၊ ဒရုန်းများနှင့် အခြားစစ်လက်နက်ပစ္စည်းများ ပါဝင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
“ဒါဟာ ထရမ့်ပ်အစိုးရရဲ့ ဒုတိယသက်တမ်းအတွင်း ထိုင်ဝမ်ကို လက်နက်ရောင်းချဖို့ ဒုတိယအကြိမ် ကြေညာချက်ဖြစ်သလို ထိုင်ဝမ်ရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို တစ်ဖန်ပြသလိုက်တာပဲ ဖြစ်ပါတယ်” ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ယခု လက်နက်ရောင်းချမှု၏ ပမာဏသည် ၂၀၀၁ ခုနှစ်က သမ္မတ ဂျော့ချ် ဒဗလျူဘုရှ် လက်ထက်တွင် ခွင့်ပြုခဲ့သော ဒေါ်လာ ၁၈ ဘီလျံဖိုး ရောင်းချမှုနှင့် နှိုင်းယှဉ်နိုင်ဖွယ်ရှိသည်။ သို့သော် ထိုစဉ်က ရောင်းချမှုမှာ ကုန်သွယ်ရေး ညှိနှိုင်းမှုများကြောင့် နောက်ပိုင်းတွင် လျော့နည်းသွားခဲ့သည်။ ဘုရှ်သည် ၎င်း၏ ရှစ်နှစ်တာ သမ္မတသက်တမ်းအတွင်း ထိုင်ဝမ်သို့ စုစုပေါင်း ဒေါ်လာ ၁၅ ဒသမ ၆ ဘီလျံဖိုး လက်နက်များ ရောင်းချခဲ့သည်။
ထရမ့်ပ်၏ ပထမသက်တမ်းအတွင်းတွင်လည်း အမေရိကန်သည် ထိုင်ဝမ်ကို တိုက်လေယာဉ်များအတွက် ဒေါ်လာ ၈ ဘီလျံ အပါအဝင် စုစုပေါင်း ဒေါ်လာ ၁၀ ဘီလျံဖိုး လက်နက်ရောင်းချရန် အတည်ပြုခဲ့ဖူးသည်။
ထိုင်ဝမ်ကာကွယ်ရေးနှင့် ပတ်သက်၍ အမေရိကန်လွှတ်တော်အတွင်း ပါတီအားလုံးက သဘောတူညီမှု ရရှိထားသောကြောင့် ယခုနောက်ဆုံး လက်နက်အစီအစဉ်ကို မကြာမီ အတည်ပြုမည်ဟု မျှော်လင့်ရသည်။ ထိုင်ဝမ်သည် ကိုယ်ပိုင်ကာကွယ်ရေး လုပ်ငန်းများရှိသော်လည်း တရုတ်နှင့် ပဋိပက္ခဖြစ်ပွားပါက စစ်အင်အားချင်း အလွန်ကွာဟနေမည်ဖြစ်ရာ အမေရိကန်လက်နက်များကိုသာ အဓိက မှီခိုနေရဆဲဖြစ်သည်။
ဝါရှင်တန်သည် ထိုင်ဝမ်အား “ကြံ့ခိုင်သော ဟန့်တားနိုင်စွမ်းကို လျင်မြန်စွာ တည်ဆောက်နိုင်ရန်” ဆက်လက်ကူညီပေးနေကြောင်း ပြသနေသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်၏ အစိုးရသည် အမေရိကန်၏ ဖိအားပေးမှုကြောင့် ကာကွယ်ရေးအသုံးစရိတ်ကို လာမည့်နှစ်တွင် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းကျော်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု ကတိပြုထားသည်။ ထို့ပြင် ကျွန်း၏ လေကြောင်းကာကွယ်ရေးစနစ် အဆင့်မြှင့်တင်ရန်နှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်သိုလှောင်နိုင်စွမ်း တိုးမြှင့်ရန်အတွက် အထူးရန်ပုံငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၁ ထရီလျံအထိ ရယူအသုံးပြုရန် စီစဉ်နေသည်။
အဆိုပါ ကာကွယ်ရေးအသုံးစရိတ် အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရန် အတိုက်အခံများ ထိန်းချုပ်ထားသော လွှတ်တော်၏ ထောက်ခံချက် လိုအပ်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်လည်တွင် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ်နှင့်အမျှ စေလွှတ်လျက်ရှိပြီး၊ ယင်းကို လေ့လာဆန်းစစ်သူများက စစ်ပွဲဟု မခေါ်ဆိုနိုင်သော်လည်း ခြိမ်းခြောက်သည့် နည်းဗျူဟာဖြစ်သော “မီးခိုးရောင်နယ်ပယ်” (Grey-zone) စစ်ဆင်ရေးဟု ဖော်ပြကြသည်။
ကြာသပတေးနေ့ အစောပိုင်းအထိ ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းပတ်လည်တွင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများ အပါအဝင် တရုတ်စစ်လေယာဉ် အစင်း ၄၀ နှင့် ရေတပ်သင်္ဘော ၈ စင်းတို့ကို တွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အင်္ဂါနေ့ကလည်း ပေကျင်း၏ တတိယမြောက်နှင့် နောက်ဆုံးထုတ် လေယာဉ်တင်သင်္ဘောသစ် Fujian သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားလာခဲ့ကြောင်း သိရသည်။
Ref : RFI
