၁၅.၁၂.၂၀၂၅
translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာတက္ကသိုလ် ဗဟိုကျောင်းသားများသမဂ္ဂ (Ducsu) မှ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဒက်ကာမြို့အတွင်း ဒီဇင်ဘာလ ၁၅ ရက်က ရဲတပ်ဖွဲ့ အတားအဆီးတွေကို ဖြတ်ကျော်ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ ချီတက်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Inquilab Manch အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ဒက်ကာ-၈ မဲဆန္ဒနယ်အတွက် အလားအလာရှိတဲ့ လွတ်လပ်တဲ့ကိုယ်စားလှယ်လောင်း ရှာရစ်ဖ် အော့စမန် ဟာဒီ (Sharif Osman Hadi) ကို သေနတ်နဲ့ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းသားတွေဟာ Ducsu အဆောက်အအုံရှေ့မှာ နေ့လယ် ၁ နာရီခန့်မှာ စတင် စုဝေးကြပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကာ အစီအစဉ်ကို စတင်ခဲ့ကြပါတယ်။ အစီအစဉ်ကို မွန်းတည့်ချိန်မှာ စတင်ဖို့ မူလက စီစဉ်ထားပေမယ့် ပါဝင်သူတွေကို စုဝေးဖို့ အချိန်ယူရလို့ နောက်ကျခဲ့တာပါ။
စီတန်းလှည့်လည်မှု ရှေ့ကို ချီတက်နေစဉ်မှာ ရဲတွေက Doel Chattar ပန်းပုရုပ်နဲ့ တရားရုံးချုပ်လမ်းဆုံနေရာကနေ တားဆီးခဲ့ကြပါတယ်။ ဒါပေမယ့် အတားအဆီးတွေကို ကျော်လွှားပြီး Ducsu ခေါင်းဆောင်တွေဟာ ဝန်ကြီးရုံးကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။
မွန်းလွဲ ၁ နာရီမှာ Ducsu ရှေ့ စုဝေးမှု များပြားလာပြီး ကြွေးကြော်သံတွေ ပျံ့နှံ့လာပါတယ်။ Ducsu ဒုတိယဥက္ကဋ္ဌ ရှာဒစ် ကာရမ် (Shadik Kayem) နဲ့အတူ ဒုတိယအထွေထွေအတွင်းရေးမှူး၊ စာပေနဲ့ ယဉ်ကျေးမှုအတွင်းရေးမှူး၊ လူမှုရေးဝန်ဆောင်မှုအတွင်းရေးမှူးနဲ့လွှတ်တော်ခေါင်းဆောင် အချို့ ပါတက်ရောက်ခဲ့ကြပါတယ်။
Ducsu ဒုတိယဥက္ကဋ္ဌ ရှာဒစ် ကာရမ်က ဒီဇင်ဘာလ ၁၄ ရက်ညမှာ ပြည်ထဲရေးဝန်ကြီးရုံးကို ဝိုင်းရံဆန္ဒပြမယ့် အစီအစဉ်ကို ကြေညာခဲ့တာပါ။ အဓိကတောင်းဆိုချက်သုံးခုမှာ ရှာရစ်ဖ် အော့စမန် ဟာဒီကို ပစ်ခတ်မှုမှာ ပါဝင်သူတွေကို ဖမ်းဆီးဖို့၊ တရားမဝင်လက်နက်တွေ ပြန်လည်ရရှိဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုပြုလုပ်ဖို့နဲ့ အဝါမီလိဂ် အကြမ်းဖက်သမားတွေ လို့ သူတို့ခေါ်ဆိုသူတွေကို ဖမ်းဆီးဖို့တို့ဖြစ်ပါတယ်။
Ref- Dhaka Tribune
