◾ ဥပဒေအရ နိုင်ငံသားဖြစ်သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကတ်ပြားများထုတ်ပေးလျက်ရှိ
၁၅.၁၂.၂၀၂၅
Written by Nay Yaung Lin
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆ (သို့မဟုတ်) ပုဒ်မ ၇ အရ အကျုံးဝင်ကြောင်း စိစစ်တွေ့ရှိပြီး အထောက်အထားအစုံတင်ပြပါလျက် ငွေကြေးတောင်းခံခြင်း၊ လွယ်ကူစွာမရခြင်းနှင့် ကြန့်ကြာနေပါက အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန နေပြည်တော်(ရုံးချုပ်) ဖုန်းအမှတ် (၀၆၇-၃၄၃၁ဝ၄၅) သို့ တိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားထားသည်။
မှတ်ပုံတင်ပြုလုပ်ရာတွင် ပုဒ်မ ၆ ၊ ပုဒ်မ ၇ များ မည်သည့်အတွက်ကြောင့် ခက်ခဲနေပြီး အထောက်အထားအစုံရှိပါသော်လည်း တစ်ဦးလျှင် ၅ သိန်းခန့်ကောက်ခံမှုရှိကြောင်း၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား၏ နိုင် ၂ များ အကုန်ရှိလျက်နှင့် လွယ်ကူစွာမရရှိကာ လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံသားကတ်ထုတ်ပေးပါရန် တောင်းဆိုပါကြောင်း အမျိုးသားတစ်ဦးက မေးမြန်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြန်လည်ဖြေကြားရာတွင် ” ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၆/၇နဲ့ အကျုံးဝင်တဲ့ လျှောက်ထားသူ ကာယကံရှင်အနေနဲ့ ဘိုးဘွား (၄)ဦး၊ မိဘ (၂)ပါးတို့၏ ကိုင်ဆောင်လက်မှတ်များ၊ အချက်အလက်များ တင်ပြပေးရန် ဘိုးဘွားမိဘ လိုအပ်ပါတယ်။ ကာယကံရှင်တင်ပြသည့် ကိုင်ဆောင်လက်မှတ်များ၊ အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများရှိ ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး ဘိုးဘွားမိဘတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအား ဥပဒေနှင့်အညီ တိုက်ဆိုင်စစ်ဆေးရပါတယ်။ ဒီလိုစစ်ဆေးဆောင်ရွက်ပြီး ကာယကံရှင်သည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၇ အရ အကျုံးဝင်ကြောင်း စိစစ်တွေ့ရှိပါက နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးတာ ဖြစ်ပါတယ်။ အထောက်အထားအစုံ တင်ပြတာကို ငွေကြေးတောင်းခံတယ်၊ လွယ်ကူစွာမရဘူး၊ ကြန့်ကြာတယ်ဆိုရင် နေပြည်တော်(ရုံးချုပ်)၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ ဖုန်းအမှတ် (၀၆၇-၃၄၃၁ဝ၄၅) ကို တိုင်ကြားနိုင်ပါတယ် ” ဟု ဖြေကြားထားသည်။



အခြားမေးမြန်းသူတစ်ဦးကလည်း သွေးနှောများအတွက်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံသားကတ်ပြုလုပ်ပေးစေချင်ပြီး သက်ဆိုင်ရာ မြို့နယ်လဝကရုံးများတွင် သွေးနှောဆိုကာ အဆင်မပြေမှုရှိနေသောကြောင့် ကူညီဖြေရှင်းပေးစေလိုကြောင်း မေးမြန်းခဲ့သည်။
ယင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဥပဒေအရ နိုင်ငံသားဖြစ်သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကတ်ပြားများထုတ်ပေးလျက်ရှိကြောင်း၊ အဆင်မပြေမှုရှိလျှင် နေပြည်တော်(ရုံးချုပ်)၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန၊ ဖုန်းအမှတ် ၀၆၇-၃၄၃၁၀၄၅ သို့ပင် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖြေကြားခဲ့သည်။
” ဥပဒေအရ နိုင်ငံသားဖြစ်သူများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ ဧည့်နိုင်ငံသား ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ ဧည့်နိုင်ငံသားလက်မှတ်နဲ့ ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့် လက်မှတ်နဲ့ နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားများ ထုတ်ပေးနေပါတယ်။ ဥပဒေအရ နိုင်ငံသားများကတော့ ဥပဒေနဲ့ညီညွတ်ကြောင်း ခိုင်လုံသောအထောက်အထားများ ပေးရမှာ ဖြစ်ပါတယ်။ ခိုင်လုံသောအထောက်အထားများဆိုတာ မိဘဘိုးဘွားများ ဘယ်မှာ မွေးခဲ့သလဲ၊ ဘယ်မှာနေခဲ့သလဲ၊ ဘယ်ကလာခဲ့သလဲ၊ ဘာလူမျိုးလဲ၊ ဘာလက်မှတ် ကိုင်ဆောင် ခဲ့သလဲ၊ ကာယကံရှင်ကော ဘယ်တုန်းကမွေးသလဲ၊ ဘယ်မှာမွေးသလဲ၊ ဘာလက်မှတ်ကိုင်ထား သလဲ၊ ဒါမျိုးတွေကို စိစစ်ပြီးမှ ညီညွတ်တဲ့ဥပဒေပုဒ်မနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားထားသည်။
ထို့ပြင် လဝကရုံးကို လာရောက်ဆောင်ရွက်သူများနှင့် ပတ်သက်၍ သွေးအရ နိုင်ငံသားဖြစ်ဖြစ်၊ ဥပဒေအရနိုင်ငံသားဖြစ်ဖြစ် ယဉ်ကျေးချိုသာစွာဆက်ဆံပြောဆိုရန် မိမိတို့ ညွှန်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်မံပြောကြားခဲ့သည်။
