၁၅.၁၂.၂၀၂၅
Written by KL
AA၊ TNLA နှင့် MNDAA အကြမ်းဖက် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ နယ်မြေလုယက်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊၁၀၅ မိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂိတ်စခန်းအနီး ဒီဇင်ဘာ ၁၄ ရက် မွန်း ၂ နာရီ ၄၀ မိနစ်ခန့်က ဗြုန်းကျောက်များတင်လာသောကားတစ်စီး ဘရိတ်ပေါက်၍ လူအများနှင့် စျေးဆိုင်များကိုဝင်တိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဗြုန်းကျောက်များတင်လာသောကားတစ်စီးက ဘရိတ်ပေါက်ပြီး မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့စခန်းချနေသည့် ၁၀၅ မိုင် အဝင်ဂိတ်အနီးရှိ ခရီးသည်များနှင့် လမ်းသွားလမ်းလာများ၊ လမ်းဘေးစျေးဆိုင်များ ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့်အသက် ၆၃ နှစ်အရွယ် အဘွားအိုတစ်ဦး စုစုပေါင်း ခရီးသည်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။





ထို့အပြင် အသက် ၁၄ နှစ်မှ အသက် ၄၀ အရွယ် အမျိုးသားအမျိုးသမီး ရှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး လူနာများမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
“ကားတစ်စီးလုံးအောက်မှာ တစ်ကိုယ်စာနေရာလေးထဲ ပိတ်မိနေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကတော့ သေကံမရောက်သက်မပျောက်တဲ့ မိန်းကလေးပါ။ ကားတစ်စီးလုံးကို ကရိန်းနဲ့ မ ပြီးတင်မှ လွတ်မြောက်လာတာပါ”ဟု ကူညီခဲ့သည့်ပါရမီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဒဏ်ရာရရှိသူများကို ပါရမီလူမှုကူညီရေးအသင်းကားမှာ အသင်းဝင် ၈ ဦးက အသင်းပိုင်လူနာတင်ယာဥ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူရုပ်အလောင်းကို ညတွင်းချင်း သင်္ဂြိုဟ်ပေးကာ ကူညီခဲ့ကြောင်း သိရသည်။






ထို့အတူ ဗြုန်းကျောက်ကားမောင်းနှင်လာသူ အသက် ၃၂ နှစ်အရွယ် ကိုရဲမင်းဖြိုးဆိုသူကိုလည်း မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က ဖမ်းဆီးထားသည်။
