၁၅.၁၂.၂၀၂၅
Written by Nay Yaung Lin
အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်ကိုင်ဆောင်ပြီး ၃၀ နှစ်ပြည့်နှင့် ၄၅ နှစ်ပြည့် မလဲ၍ ဒဏ်ငွေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်းနှင့် မှတ်ပုံတင်မလဲ၍ ဂိတ်များတွင် ငွေတောင်းမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြည်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားထားသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံသားတစ်ဦးအနေဖြင့် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စတင်ကိုင်ဆောင်ရမည်ဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်သည့်အခါတွင် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို လဲလှယ်ကိုင်ဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားထားသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က “လဝကရဲ့ ဥပဒေအရ အသက်(၁၀)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား စတင်ကိုင်ဆောင်ရပါမယ်။ ပြီးရင် အသက်(၁၈)နှစ်ပြည့်တဲ့အခါ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ လဲလှယ်ကိုင်ဆောင်ရပါမယ်။ အဲဒီနောက်တော့ (၃၀)နှစ်ပြည့်နဲ့ (၄၅)နှစ်ပြည့်တဲ့အခါ လဲလှယ်ဖို့ မြန်မာနိုင်ငံသားဥပဒေ၊ နိုင်ငံသားလုပ်ထုံးလုပ်နည်းများမှာ ပါပါတယ်။ ဒါပေမယ့် (၃၀)နှစ်ပြည့်မလဲလို့၊ (၄၅)နှစ်ပြည့်မလဲလို့ ဒဏ်ငွေချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားခြင်း မရှိပါဘူး ခင်ဗျာ” ဟု မေးမြန်းထားမှုကို ဖြေကြားခဲ့သည်။
လမ်းမပေါ်ရှိ ဂိတ်များတွင် နယ်ကျော်ဟုဆိုကာ ငွေတောင်းမှုများရှိနေပြီး အသက် ၃၀ ကျော်လျှင် အသစ်မလုပ်၍ ငွေတောင်းမှုများလည်းရှိနေသဖြင့် အရေးယူပေးပါရန် အမျိုးသားတစ်ဦး၏ မေးမြန်းတိုင်ကြားမှုကို ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဂိတ်များတွင် နယ်ကျော်၍ ငွေတောင်းမှုများရှိလျှင် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ချိတ်ဆွဲထားပြီး တောင်းသည့်သူ၊ တောင်းသည့်ဂိတ်နှင့် တောင်းသည့်အချိန်တို့ကို မှတ်သားတိုင်ကြားနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဖြေကြားခဲ့သည်။
“ဂိတ်တွေမှာ နယ်ကျော်လို့ ငွေတောင်းတယ်ဆိုတာမျိုးရှိရင်၊ ဘယ်သူပဲဖြစ်ဖြစ် ငွေတောင်းရင် အဲဒီဂိတ်တွေမှာ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ် ရေးဆွဲချိတ်ထားတာ ရှိပါတယ်။ အဲဒီဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး တိုင်ကြားနိုင်ပါတယ်။ တောင်းတဲ့သူ၊ တောင်းတဲ့ဂိတ်၊ တောင်းတဲ့အချိန် မှတ်သားပြီး တိုင်ကြားလို့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။
