၁၅.၁၂.၂၀၂၅
Written by Nay Yaung Lin
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် “အရေးကြီးပြီး ထူးခြားသည့် ရွေးကောက်ပွဲ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီက ဇေယျာသီရိမြိုနယ်ရှိ မဲဆန္ဒရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ၎င်း၏ တယ်လီဂရမ်၌ ဒီဇင်ဘာ ၁၅ ရက်တွင် ဖော်ပြထားမှုအရ သိရသည်။
ထို့ပြင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲသည် ယခင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများကဲ့သို့ မဟုတ်ဘဲ ပြည်ပနိုင်ငံများကို လာရောက်ကြည့်ရှုရန် ဖိတ်ကြားထားပြီး ၎င်းတို့ရှေ့၊ သက်သေများရှေ့တွင် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ထူးခြားခြင်းဖြစ်ကြောင်း ဦးခင်ရီက ဆက်လက်ပြောကြားခဲ့သည်။



ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက “ဒီရွေးကောက်ပွဲသည် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ထူးခြားတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ဘယ်လိုထူးခြားလဲ။ အရင်ရွေးကောက်ပွဲတွေရှိတယ်နော်။ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေရှိကြတယ်။ ဒါပေမဲ့ သာမန်ပဲ။ အခုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပြည်ပနိုင်ငံများကနေ လာကြည့်ဆိုပြီး နိုင်ငံတွေကို ဖိတ်ထားတယ်။ သူတို့ရှေ့မှာ လုပ်ထားတယ်။ ပြည်ပ သတင်းမီဒီယာတွေလည်း ဖိတ်ထားတယ်။ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေကိုလည်း လာကြည့်ခိုင်းထားတယ်။ ပြည်တွင်းမှာရှိတဲ့ သံတမန်နိုင်ငံခြားသားတွေကိုလည်း လာကြည့်ခိုင်းထားတယ်။ ပုဂ္ဂလိက ကြည့်ချင်ရင်လည်း လာကြည့်။ ဘယ်မဲရုံမှာ ကြည့်ချင်လဲ စာရင်းပေး လာကြည့်။ ပြောချင်တာက ဒီတစ်ခါရွေးကောက်ပွဲသည် သက်သေသက္ကာယရှေ့မှာ လုပ်မဲ့ပွဲဖြစ်တယ်။ ခင်ဗျားတို့ကို ဒီဟာဒီတိုင်းဖတ်ပြီးတော့ သူများတွေရဲ့ မှိုင်းတိုက်တဲ့အောက်မှာ ပိုနားလည်မှုတွေ ဆုံးရှုံးသွားမှာစိုးလို့။ အတုအယောင်မဖြစ်အောင် အစိုးရက အဲဒီလိုလုပ်ပေးနေတယ်။ ဒါနံပတ်တစ် ရွေးကောက်ပွဲရဲ့ ထူးခြားချက်။ ဘယ်တုန်းကမှ မြန်မာ့သမိုင်းမှာ မရှိဘူး” ဟု ပြောကြားခဲ့သည်။
ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီသည် ခေတ်အေးအုပ်စု၊ စက်ကုန်းကျေးရွာနှင့် ရင်ခွဲပင်ကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့် ဒီဇင်ဘာ ၁၃ ရက်တွင်လည်းကောင်း၊ စည်ပင်သာယာနှင့် သိုက်ချောင်းရွာမှ မဲဆန္ဒရှင်ပြည်သူများနှင့် ဒီဇင်ဘာ ၁၄ ရက်တွင်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ဦးခင်ရီက ရွေးကောက်ပွဲတစ်ခု၏ အရေးပါမှု၊ မဲပေးခြင်းဖြင့် ပြည်သူတစ်ဦး၏ တာဝန်ကျေပွန်မှု၊ မဲပေးရာတွင် သေချာစဉ်းစားဆုံးဖြတ်ပေးရန်လိုအပ်မှုနှင့် ပြည်ခိုင်ဖြိုးပါတီကို ရွေးချယ် မဲပေးသင့်သည့်အချက်များ၊ ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအာမခံချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စည်ပင်သာယာနှင့် သိုက်ချောင်းရွာမှ မဲဆန္ဒရှင်များနှင့် တွေ့ဆုံရာတွင် ဇေယျာသီရိမြို့နယ်အကျိုးအတွက် အကောင်းဆုံးဆောင်ရွက်နိုင်သူကို မဲပေးရွေးချယ်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
လွှတ်တော်အသီးအသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်၍ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ၁၃ ရက်သာလိုတော့ကြောင်း သိရသည်။







