◾️ ထောင်ဒဏ်ချမှတ်မှုအနေဖြင့် ထောင်ဒဏ်တစ်သတ် ၁၄ ဦး၊ ထောင်ဒဏ်နှစ် ၂၀ မှ ၂၅ နှစ်အတွင်း ၂၅ ဦး၊ ထောင်ဒဏ် ၁၀ နှစ်အထက် ၆၃ ဦးအထိရှိ
၁၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅ ခုနှစ်အတွင်း လူကုန်ကူးမှု ၁၃၉ မှု စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ၄၀၂ ဦးကို တရားစွဲတင်နိုင်ခဲ့ကာ ၁၁၆ ဦးကို ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ယမန်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လူကုန်ကူးမှုများကိုလည်း စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူ၍ ထိရောက်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ လူကုန်ကူးမှု ၁၃၉ မှု စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကျူးလွန်သူတရားခံ ၄၀၂ ဦးကို တရားစွဲတင်နိုင်ခဲ့ပြီး ၁၁၆ ဦးကို ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။
ထောင်ဒဏ်ချမှတ်မှုအနေဖြင့် ထောင်ဒဏ် တစ်သက် ၁၄ ဦး၊ ထောင်ဒဏ် ၂၀ နှစ်မှ ၂၅ နှစ် အတွင်း ၂၅ ဦး၊ ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ၆၃ ဦးနှင့် ထောင်ဒဏ် ၈ နှစ်အောက် ၁၄ ဦးတို့ဖြစ်ကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။
လူကုန်ကူးမှုဖြစ်ပေါ်စေနိုင်သည့် ပြည်ပသို့ တရားမဝင်ထွက်ခွာမှုများကို ထိန်းချုပ်နိုင်ရေးအတွက် တရားမဝင်ပို့ဆောင်သူများကို စုံစမ်းဖော်ထုတ် အရေးယူလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်မှု ၅၉ မှုရှိပြီး ကျူးလွန်သူတရားခံ ၁၂၈ ဦး (ကျား ၅၃ ဦး၊ မ ၇၅ ဦး) ကို စုံစမ်းဖော်ထုတ်၍ ထိရောက်ပြစ်ဒဏ်ရရှိရေး တရားစွဲဆိုဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပြည်တွင်း၌သာမက နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-ထိုင်း လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ အလားတူ မြန်မာ-တရုတ်၊ မြန်မာ-လာအို၊ မြန်မာ-ဗီယက်နမ်၊ မြန်မာ-အိန္ဒိယနိုင်ငံတို့အကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် နားလည်မှုစာချွန်လွှာများကို အသီးသီးလက်မှတ်ရေးထိုးပြီး ပူးတွဲဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။
