၁၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခု ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃၀,၄၂၀ မှုမှ ကျပ်ဘီလျံ ၅,၅၇၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ တရားခံစုစုပေါင်း ၄၂,၇၅၉ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ယမန်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ဖြတ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃၀,၄၂၀၊ တရားခံ(ကျား) ၃၆,၈၈၅ ဦး၊ တရားခံ(မ) ၅၈၇၄ ဦး တရားခံစုစုပေါင်း ၄၂,၇၅၉ ဦးအား ဘိန်း ၇ ဒသမ ၂ တန်ကျော်၊ ဘိန်းဖြူ ၉ ဒသမ ၄ တန်ကျော်၊ ဆေးခြောက် ၄ တန်ကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၃၈ သန်းကျော်၊ အိုက်စ် ၁၀၇ တန်ကျော်၊ ကက်တမင်း ၂၂ ဒသမ ၂ တန်ကျော်၊ Happy Water ၈၆၆ ကီလိုကျော်၊ အက်တက်စီ ဆေးပြား ၁,၁၆၆,၀၀၂ ပြားအပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ ကဖင်း ၈၉ ဒသမ ၆ တန်ကျော်အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၅,၅၇၀ ဒသမ ၇ ဘီလျံကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် လက်နက်/ခဲယမ်း ပါဝင်သောအမှုပေါင်း ၁၇၄ မှုမှ တရားခံ(ကျား) ၃၇၉ ဦး၊ တရားခံ(မ) ၂၆ ဦး တရားခံစုစုပေါင်း ၄၀၅ ဦးအား လက်နက်မျိုးစုံ ၇၀၉ လက်၊ ဗုံးမျိုးစုံ ၃၀၃ လုံး၊ မိုင်းမျိုးစုံ ၆၁ လုံး၊ ကျည်မျိုးစုံ ၁၃၇၅၅၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၁၆၄၅ ခု၊ ယမ်း မျိုးစုံ ၁၅၉ ကီလိုကျော်၊ ဒီတိုနေတာမျိုးစုံ ၁၁၅၇၆၃၄ ခုနှင့် ဆက်စပ်ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။
အလားတူ မူးယစ်ဆေးဝါးဖျက်ဆီးမှုများအဖြစ်လည်း ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလျံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁,၁၈၈ ဒသမ ၈၂၈ ဘီလျံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလျံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁,၁၆၃ ဒသမ ၆၄၈ ဘီလျံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁ ဒသမ ၇၉ ဘီလျံကျော် စုစုပေါင်းတန်ဖိုးငွေကျပ် ၅,၃၂၉ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။
မူးယစ်ဆေးဝါးမှုများနှင့် ဆက်နွှယ်၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ နိုင်ငံတော်ဘဏ္ဍာသိမ်းဆည်းမှု ၄,၁၉၇ မှုတွင် မြန်မာငွေကျပ် ၄၈၈ သန်းကျော်၊ ထိုင်းဘတ် ၃,၆၁၂,၁၂၀၊ တရုတ်ယွမ် ၅၀၀၊ အမေရိကန်ဒေါ်လာ ၂,၀၀၀၊ ရွှေ ၂ ဒသမ ၅ ကျပ်သား၊ မော်တော်ယာဉ် ၄၇၇ စီး၊ ဆိုင်ကယ် ၂၄၃၈ စီး၊ ဖုန်း ၅၉၆ လုံး၊ သုံးဘီးယာဉ်ခုနစ်စီး၊ သုံးဘီးဆိုင်ကယ်ငါးစီး၊ စက်ဘီး ၁၉ စီး၊ ဘက်ထရီဆိုင်ကယ်တစ်စီး၊ ဘေးတွဲဆိုင်ကယ်တစ်စီး၊ စက်လှေ ၃၅ စင်း၊ ထော်လာဂျီတစ်စီး၊ Air Cooler နှစ်လုံး၊ ကျောပိုးအိတ်တစ်လုံး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃,၀၄၄ သန်းကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတပ်ဖွဲ့ ရဲချုပ်က ပြောကြားသည်။


