၁၅.၁၂.၂၀၂၅
Translated by Htwe Ko Tun
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ ဘွန်ဒီကမ်းခြေမှာ ဒီဇင်ဘာလ ၁၄ ရက်က ဂျူးလူမျိုးတို့ရဲ့ ဟာနုကာ ပွဲတော်စတင်ကျင်းပနေချိန်မှာ ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုမှာ သေနတ်သမားတစ်ဦးဆီက သေနတ်ကိုဝင်ရောက် လုယူပြီး လက်နက်ချစေခဲ့သူရဲ့ မိသားစုက သူ့အနေနဲ့ အခုအခါ ခွဲစိတ်ပြီးနောက် ပြန်လည်ကောင်းမွန်လာတယ်လို့ ဒီဇင်ဘာလ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် သစ်သီးဆိုင်ပိုင်ရှင် အာမက် အယ်လ် အာမက်ဆိုတဲ့အမျိုးသားက သေနတ်သမားတစ်ဦးဆီ တစ်ဟုန်ထိုးပြေးဝင်တိုက်ခိုက်ပြီး လက်နက်ချစေခဲ့တဲ့ ဗီဒီယိုကို ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

သေနတ်သမားနဲ့ တိုက်ခိုက်မှုမှာ အာမက် အယ်လ် အာမက်ရဲ့ လက်မောင်းနဲ့ လက်တွေမှာ ကျည်ဆန်ဒဏ်ရာတွေရခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
အာမက်ရဲ့ဝမ်းကွဲညီ မူစတာဖာက အာမက်ဟာ ခွဲစိတ်ပြီးနောက် အခြေအနေတည်ငြိမ်တယ်လို့ ဆရာဝန်တွေက မိသားစုကို အသိပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မူစတာဖာက “သူက သူရဲကောင်းပါ။ ရာနှုန်းပြည့် သူရဲကောင်းပါ။ ဒါပေမယ့် သူ ဆေးရုံမှာ ရှိနေပါတယ်။ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့ အတိအကျ မသိပါဘူး…။ ဒါပေမယ့် သူ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အာမက်အတွက် GoFundMe ဖောင်ဒေးရှင်း လှုပ်ရှားမှုတစ်ခုအရ နာရီအနည်းငယ်အတွင်း သြစတြေးလျဒေါ်လာ ၂၀၀,၀၀၀ ကျော် (ဒေါ်လာနှင့်တွက်ပါက ၁၃၂,၉၀၀၊ ယူရိုနှင့် တွက်ပါက ၁၁၃,၃၃၈) အလှူငွေ ရရှိခဲ့ပါတယ်။
Ref- DW
