◾ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို အသုံးချရန် အင်အားကြီးနိုင်ငံတချို့မှ ဆူပူအကြမ်းဖက်မှုနှင့် မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကိုပါ မြင်တွေ့ရ
၁၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
MNDAA၊ TNLA၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်းနှင့် လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်းအတင်းအဓမ္မရောက်ရှိစေခဲ့ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြား ဖော်ပြလိုက်သည်။
ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌ အခက်အခဲများစွာရှိသဖြင့် အစိုးရအဆက်ဆက် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ယခုအချိန်အထိ အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိသည်မှာ အားလုံးအသိပင်ဖြစ်သည်။
သို့သော်လည်း လက်ရှိကာလတွင် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည်ကို အခွင့်ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကိုအသုံးချရန် အင်အားကြီးနိုင်ငံတချို့မှဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ဆူပူအကြမ်းဖက်မှုများနှင့်မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ရမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA၊ TNLA၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်နေကြခြင်းသာဖြစ်သည်။ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ကို တွေ့ရှိရသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်းအတင်းအဓမ္မရောက်ရှိစေခဲ့ကြသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကိုတောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ရောက်လာပြီးငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကိုပြေလည်စေမည်ဖြစ်သည်ကိုသိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ကာလမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေးတိုက်တွန်းလိုသည်ဟု ယာယီသမ္မတ၏ သဝဏ်လွှာက ဖော်ပြသည်။
ထို့အတူ လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသာဖြစ်နေသည်ကိုတွေ့ရသည်။ ထိုဒေသများသည် လွတ်လပ်ရေးမရမီနှင့် ရပြီးစကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် “လဲရာသူခိုးထောင်း” ဆိုသကဲ့သို့ ပိုမိုအခြေအနေဆိုးရွားနေသည်ကိုတွေ့ရှိရသည်။ ကမ္ဘာ့နိုင်ငံများကိုလေ့လာကြည့်လျှင် နိုင်ငံ၏ ဝေးလံလှသော ကျေးလက်ဒေသများမှာပင် တည်ငြိမ်အေးချမ်းမှုရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါကြွယ်ဝသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ကောင်းမွန်သော ရေခံ၊မြေခံများရှိပြီးဖြစ်၍ တည်ငြိမ်အေးချမ်းမှု သာယာမှုရှိလာပါက ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျနေသောဒေသများတွင် ကျေးလက်ဒေသများပါမကျန် ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲမသွေဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဆင်းရဲဒုက္ခခံစားနေရပြီး ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသခံပြည်သူလူထု၏မျက်နှာကို စာနာထောက်ထား၍ တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းမှာကြားလိုသည်ဟု ယာယီသမ္မတက မှာကြားသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးအားလုံးသည် ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများပင်ဖြစ်ကြသော်လည်း ယနေ့အချိန်အခါတွင် ပြည်တွင်းမှ ပြည်ဖျက်သစ္စာဖောက်များနှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားအတွက် မိမိတို့တိုင်းရင်းသားများကို ဆင်းရဲဒုက္ခရောက်စေပြီးမိမိတို့နေထိုင်ရာဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်များကို စဉ်းစားဆင်ခြင်မှုကင်းမဲ့စွာဖြင့် ဖျက်ဆီးနေမည့်အစား မိမိတို့ရှင်သန်ကြီးပြင်းခဲ့ရာဒေသနှင့် နိုင်ငံတော်၏အကျိုးအတွက် အားလုံးကအရှည်ကို မြော်တွေးကြရန်အရေးကြီးသည့်အချိန်ဖြစ်ကြောင်း၊ မိမိတို့အချင်းချင်းသွေးကွဲနေကြမည်ဆိုလျှင်နိုင်ငံတော်၏စွမ်းအားများလျော့နည်းပြီးသူတစ်ပါးအလိုကျလိုက်ပါဆောင်ရွက်ကြရသော လူမျိုးများအဖြစ် သမိုင်းမှတ်တမ်းကျန်ရစ်မည်ကို သတိချပ်ကြရန်တိုက်တွန်းမှာကြားလိုကြောင်း၊
ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံးမျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရတွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ကြိုဆိုလျက်ရှိသလို “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တက်ညီလက်ညီဆောင်ရွက်သွား ကြရန်တိုက်တွန်းလိုကြောင်း၊ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့်ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စသည့် တိုင်းရင်းသားများသည် မြန်မာ၊ ချင်း စသည့်တိုင်းရင်းသားများနှင့်အတူ ယှဉ်တွဲနေထိုင်လျက်ရှိကြောင်း၊ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့အပေါ်တွင် မှီတည်လျက်ရှိကြောင်းဠ ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိကြောင်းနှင့် မိမိတို့နိုင်ငံတွင် မကြာခင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ရေးတွင် ဒေသလုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်လျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်သည်နှင့်အမျှ လျင်မြန်စွာအောင်မြင်နိုင်မည်ဖြစ်၍ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ပြည်နယ်သူပြည်နယ်သားများ၏အကျိုး၊ ပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်းနှင့် အစဉ်ထာဝရအေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပါကြောင်း ယာယီသမ္မတက သဝဏ်လွှာပေးပို့ခဲ့သည်။
