၁၄.၁၂.၂၀၂၅
Written by Linn Eain
မြန်မာနိုင်ငံစာရေးဆရာအသင်း၏ စာဆိုတော်နေ့အထိမ်းအမှတ်အနေဖြင့် ကန်တော့ခံ သက်ကြီးစာပေပညာရှင် ၂၈၈ ဦးကို ပူဇော်ကန်တော့ပွဲအခမ်းအနား ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က လှူဒါန်းသည့် ငွေကျပ် ၁၄၅ သိန်းကျော်တန်ဖိုးရှိ အင်္ကျီ၊ ပုဆိုး၊ လက်ဆွဲအိတ်၊ ခြုံပဝါနှင့် ပါတိတ်လုံချည်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က လက်ခံရယူခဲ့ကြောင်း သိရသည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးက အလှူရှင်များစာရင်းကို ဖတ်ကြားခဲ့သည်။
ယင်းနောက် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီး ၂၈၈ ဦးကို တက်ရောက်လာကြသူများက လက်အုပ်ချီမိုးကန်တော့ကြပြီး ကန်တော့ခံပစ္စည်းများ၊ ဂါရဝပြုဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း၊ ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများကိုယ်စား စာရေးဆရာကြီး လယ်တွင်းသားစောချစ်က ဩဝါဒစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါပူဇော်ကန်တော့ပွဲသို့ မတက်ရောက်နိုင်သည့် ကန်တော့ခံ စာရေးဆရာကြီး၊ စာရေးဆရာမကြီးများကို မြန်မာနိုင်ငံစာရေးဆရာအသင်းက အိမ်တိုင်ရာရောက်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
ကန်တော့ခံ သက်ကြီးစာပေပညာရှင်များကို ပူဇော်ကန်တော့ပွဲတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက ငွေကျပ်သိန်း ၁၀၀ ၊ ပြန်ကြားရေးဝန်ကြီးဌာနက ငွေကျပ်သိန်း ၃၀ ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၂၈၈ သိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ငွေကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ငွေကျပ် ၁၅ သိန်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ငွေကျပ် ၁၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံစာဆိုတော်နေ့သည် နတ်တော်လဆန်း (၁) ရက်နေ့ဖြစ်ပြီး ယင်းနေ့အထိမ်းအမှတ်နေဖြင့် ကန်တော့ခံ သက်ကြီးစာပေပညာရှင်များကို မြန်မာနိုင်ငံစာရေးဆရာအသင်းက နှစ်စဉ်ပူဇော်ကန်တော့ကြောင်း သိရသည်။
