သက်တံ့
၁၄. ၁၂. ၂၀၂၅
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်သည် ဒေသအတွင်း အနိမ့်ပျံလေကြောင်း စီးပွားရေး၏ ဗဟိုချက် ဖြစ်လာစေရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူပါတင်ဆောင် ပျံသန်းနိုင်သော ဒရုန်းကြီးများကို လာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း အသုံးပြုရန် စီစဉ်နေကြောင်း မြို့ပြလေကြောင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Dominic Chow Wing-hang က ပြောကြားခဲ့သည်။
ထို လူတင်ဒရုန်းများသည် လက်ရှိရဟတ်ယာဉ် ဝန်ဆောင်မှုများထက် ကုန်ကျစရိတ် သိသိသာသာ သက်သာမည်ဟုလည်း ယင်းက ခန့်မှန်းခဲ့သည်။
မြို့ပြလေကြောင်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Dominic Chow Wing-hang က စနေနေ့တွင် ပေကျင်း၌ ကျင်းပသည့် ဟောင်ကောင်နှင့် မကာအိုတို့ Belt and Road Initiative အတွက် ၎င်းတို့၏ အားသာချက်များကို မည်သို့ အသုံးချနိုင်မည်ကို အဓိကထားသော ညီလာခံတစ်ခုတွင် အနိမ့်ပျံလေကြောင်းစီးပွား လမ်းပြမြေပုံကို ဖော်ပြခဲ့သည်။
၎င်း၏ ပြောကြားချက်များအရ ဟောင်ကောင်တွင် အနိမ့်ပျံလေကြောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်အဖွဲ့မှ ယခုလအစောပိုင်းတွင် လူတင်ဒရုန်း“စမ်းသပ်နယ်မြေ” (Sandbox) ၏ ရှေ့ပြေးအစီအစဉ်ကို စတင်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။
စမ်းသပ်နယ်မြေ (Sandbox) ဆိုသည်မှာ ဆော့ဖ်ဝဲလ် သို့မဟုတ် နည်းပညာအသစ်များကို ရှေ့ပြေးအစီအစဉ် သို့မဟုတ် စမ်းသပ်ပတ်ဝန်းကျင်တွင် စမ်းသပ်လုပ်ဆောင်နိုင်သည့် နေရာဖြစ်သည်။
ဟောင်ကောင်အစိုးရ၏ ၂၀၂၄ ခုနှစ် မူဝါဒမိန့်ခွန်းပြီးနောက် အဆိုပါ အလုပ်အဖွဲ့သည် ၁၅၀ ကီလိုဂရမ် (၃၃၀ ပေါင်) ထက် ပိုမိုသော “ပုံမှန်မဟုတ်သော လေယာဉ်များ” နှင့် လျှပ်စစ်ဖြင့် ဒေါင်လိုက်တက်၍ ဆင်းနိုင်သော ယာဉ်များ (Electric Vertical Take-off and landing vehicles – eVTOLs) ကို စမ်းသပ်ရန်အတွက် “စည်းမျဉ်းထိန်းချုပ်မှု စမ်းသပ်နယ်မြေ X” (Regulatory Sandbox X) ကို စတင်ခဲ့သည်။ ယင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်တွင် တရုတ်ပြည်မကြီးရှိ မြို့များနှင့် ဆက်သွယ်နိုင်ရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများကို အတည်ပြုရန် ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဗျူရို၏ ဝက်ဘ်ဆိုတ်အရ စမ်းသပ်နယ်မြေသည် စက်မှုလုပ်ငန်းဆိုင်ရာ ပါဝင်ပတ်သက်သူများအား ကြိုတင်သတ်မှတ်ထားသော လေကြောင်းလမ်းကြောင်းများအတွင်း ထိန်းချုပ်ပြီး ဘေးကင်းသော နည်းလမ်းဖြင့် ပရောဂျက်အယူအဆအချို့ကို စမ်းသပ်ခြင်းနှင့် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်သည်။
Ref: SCMP
