



၁၁.၁၂.၂၀၂၅
Written by Hey Mar
မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်ကို အလုပ်သွင်းပေးမယ်ဆိုကာ အလုပ်မသွင်းပေးဘဲ လိမ်လည် ငွေတောင်းခံထားတဲ့ ပွဲစားကို WAG အလုပ်သမား မဟာမိတ်အဖွဲ့နဲ့ လိမ်လည်ခံရသူအလုပ်သမားတွေစုပေါင်းကာ ရဲတိုင်ကြားခဲ့တာကြောင့် အဆိုပါပွဲစားကို ရဲကဖမ်းဆီးကာ ဖြေရှင်းပေးနေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် Worker Alliance Group မှ တာဝန်ရှိသူက ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားခဲ့တာက ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့ရှိ ဂျယ်လဆင် ငါးထပ်ဆောင်လို့ခေါ်တဲ့ နေရာမှာ နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား MOU, PJ , CI ဘတ်အသစ် စသဖြင့် ကိုင်ဆောင်ထားတဲ့ ကျား၊ မ စုစုပေါင်း (၁၂၂) ဦးတို့ကို ထိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ပွဲစားအမျိုးသမီး ကျူတီမာဂျေဘီယာ ဆိုသူက အလုပ်သွင်းပေးမယ်ပြောဆိုပြီး စမတ်ကြေး တစ်ဦးကို ဘတ် ၇၀၀၀ နဲ့ ကျန့်ခေါက်ကြေးက ၇ ဦးစာကို ၄၅၀၀၀ ဘတ်၊ စုစုပေါင်း ဘတ် ၈၉၉၀၀၀ ကို ယူပြီးအလုပ်မပေးနိုင်ဘဲ ရက်ရွှေ့နေခဲ့တာ နှစ်လနီးပါး ကြာခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လူလိမ်ပွဲစားကို အလုပ်သမားတွေနဲ့ WAG အဖွဲ့က ပုလိပ်ရုံးဆီ ဒီဇင်ဘာ ၉ ရက်နေ့မှာ ခေါ်ဆောင်သွားပီး စမတ်ကြေးပြန်လည်ရရှိဖို့ တောင်းဆိုပေမယ့် စမတ်ကြေး နှစ်ဆယ်ရာခိုင်နှုန်းနဲ့ တစ်ဦးလျှင် ၁၆၃၁ ဘတ်ကိုသာ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြန်ရရှိခဲ့ပြီး၊ ကျန်ငွေပမာဏကို ၄၅ ရက်အတွင်း အလုပ်မရရှိပါက အကြေပေးဆောင်ရမယ်လို့ ပုလိပ်(ရဲ) ကိုယ်တိုင်က သတိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုပွဲစားကို ထိန်းသိမ်းထားပြီး ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တရားရုံးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
