◾️တပ်မတော်ဆေးတက္ကသိုလ်သည် ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (WFME)၏ အသိအမှတ်ပြု စာရင်းဝင်ဖြစ်ပြီး နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးလျက်ရှိ
၁၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဆေးဘက်ဆိုင်ရာပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ် ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် တက်ရောက် မိန်းခွန်းပြောကြားစဉ် ပြောကြားသည်။
တပ်မတော်ဆေးတက္ကသိုလ်သည် ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (World Federation for Medical Education- WFME) ၏ အသိအမှတ်ပြု စာရင်းဝင်ဖြစ်သကဲ့သို့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများနှင့်အညီ ဆေးပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။





နိုင်ငံတကာဆေးတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ပြည်တွင်း၌ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသကဲ့သို့ ပြည်ပနိုင်ငံများတွင်လည်း ခေတ်မီဆေးသိပ္ပံပညာရပ်များ သင်ကြားလေ့ကျင့်နိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်ပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ပြည်တွင်း၌လည်း ဆေးသိပ္ပံညီလာခံများ၊ ဆေးပညာနှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးပြီး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များဖြင့် စစ်ဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ဆေးပညာဘာသာရပ်နှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေလျက်ရှိနေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့ကြောင့် ဆေးဘက်ဆိုင်ရာ ပညာရပ်များဖြစ်သည့် ပြုစုကုသရေး၊ အကာအကွယ် ပေးရေးစသည့် အတတ်ပညာပိုင်းဆိုင်ရာများတွင် နိုင်ငံတကာတပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်အောင် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များဖြင့်သာ ရောင့်ရဲတင်းတိမ်မနေဘဲ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ဆေးပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ထူးချွန်ထက်မြက်သည့် “သမားဇာနည် အောင်စစ်သည်” များဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
