၁၀. ၁၂. ၂၀၂၅
Written by Nyein Kyaw
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်မှုများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် ပြည်ပနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ”ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် (၅၂/၂၀၂၅) ဖြင့် ယနေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ (၁)၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။



ထို့အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယတပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်တို့က အဖွဲ့ဝင်များဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မတီအတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က တွဲဖက်အတွင်းရေးမှူး (၁)၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်က တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။
ယခုဖွဲ့စည်းလိုက်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟို ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် မူဝါဒများ ချမှတ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးအတွက် လိုအပ်သည့် ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း (SOP)များ ရေးဆွဲချမှတ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ၌ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားများနှင့်စပ်လျဉ်း၍ ပြန်လည်လွှဲပြောင်းပေးရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။
