၁၀.၁၂.၂၀၂၅
Written by Linn Eain
အိန္ဒိယနိုင်ငံ၏ ဒီပါဝါလီ (Deepavali) ပွဲတော်အား လူသားမျိုးနွယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage of Humanity)အဖြစ် ယူနက်စကို၏စာရင်းတွင် ထည့်သွင်းခံရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ သတ်မှတ်ထည့်သွင်းမှုကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Red Fort တွင် ဒီဇင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် ယူနက်စကို အစိုးရအချင်းချင်းဆိုင်ရာ ကော်မတီ၏ ယနေ့ အစည်းအဝေးတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒီပါဝါလီပွဲတော်သည် အိန္ဒိယနိုင်ငံ၏ ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ၁၆ ခုမြောက် အိန္ဒိယယဉ်ကျေးမှု၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။



ယူနက်စကို အဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် ယူနက်စကို၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်မှ ကိုယ်စားလှယ်များရှေ့မှောက်တွင် ဒီပါဝလီပွဲတော်ကို ထည့်သွင်းအတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက ဒီဝါလီပွဲတော်အား ယူနက်စကိုက အသိအမှတ်ပြုခြင်းကို ကြိုဆိုခဲ့ပြီး၊ ဒီပါဝလီသည် အိန္ဒိယ၏ ယဉ်ကျေးမှု၊ စိတ်ဓာတ်နှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေပြီး မိမိတို့၏ ယဉ်ကျေးမှုကြီး၏ အသက်ဝိညာဉ်ကို ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်ဟု အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ICH ကိုယ်စားပြုစာရင်းတွင် ‘ဒီပါဝါလီ’ ပွဲတော်အား အမည်စာရင်းတင်သွင်းခဲ့ပြီးနောက် ယခုကဲ့သို့ သတ်မှတ်ထည့်သွင်းခံရခြင်းလည်း ဖြစ်သည်။
