၁၀.၁၂.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေက နှစ်နိုင်ငံစလုံးရဲ့ နယ်စပ်ဒေသတွေမှ ပြည်သူတွေကို နေထိုင်ရာဒေသတွေကနေ စွန့်ခွာ ထွက်ပြေးကြရတဲ့ အခြေအနေတွေ ရောက်စေခဲ့ပြီး နယ်စပ်ဒေသပြည်နယ်တွေက ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ နှစ်ဖက်စလုံးက ပြောကြားခဲ့ကြပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ ကျောင်း ၁,၀၀၀ နီးပါးကို လက်နက်ကိုင်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားပြီးနောက် ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်ရန် အမိန့်ထုတ်ပြန်ထားကြောင်း ထိုင်းအစိုးရပညာရေးဝန်ကြီး နာရူမွန် ပင်ယိုဆင်ဝပ်က နိုဝင်ဘာလ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အခြေခံပညာရေးကော်မရှင်ရုံး (OBEC) ရဲ့ အဆိုအရလည်း ဒီဇင်ဘာလ ၈ ရက်မှာ ကျောင်းပေါင်း ၆၀၀ ပိတ်ထားခဲ့ရရာမှ ဒီဇင်ဘာလ ၉ ရက် မွန်းလွဲပိုင်းမှာ ကျောင်းပေါင်း ၉၉၀ အထိ တိုးမြှင့်ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
နယ်စပ်ဒေသရှိကျောင်းတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင် ဒစ်ဂျစ်တယ်ပလက်ဖောင်းကို လည်ပတ်နေပြီး OBEC က ခိုလှုံရေးစခန်းတွေမှာ နေထိုင်နေရတဲ့ ကလေးတွေအတွက် သင်ယူမှုပစ္စည်းတွေကို ပြင်ဆင်နေတယ်လို့ နာရူမွန်က ဆိုပါတယ်။
အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဝန်ကြီး ဆူရာဆက် ဖန်ချာရွန်ဝါရာကူလ်ကလည်း တင်းမာမှုတွေ မြင့်တက်လာလို့ ထိုင်းနိုင်ငံရဲ့ နယ်စပ်ပြည်နယ် ခုနစ်ခုဖြစ်တဲ့ ထရတ်၊ ချန်သာဘူရီ၊ ဆာကေး၊ ဘူရီရမ်၊ ဆူရင်၊ ဆီဆာကက်နဲ့ ဥဘွန်ရက်ချာသာနီ တို့မှာ TGAT/TPAT2–5 တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ရွှေ့ဆိုင်းခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။




တစ်ချိန်တည်းမှာပဲ နယ်စပ်ပဋိပက္ခမြင့်တက်လာတာနဲ့အမျှ ကမ္ဘောဒီးယားနိုင်ငံအတွင်း ထိုင်းနိုင်ငံနယ်စပ်က ပြည်နယ်ခြောက်ပြည်နယ်မှာ ဒီဇင်ဘာလ ၉ ရက်အထိ ကျောင်းပေါင်း ၅၁၄ ကျောင်းပိတ်ထားရလို့ ကျောင်းသူကျောင်းသား ၁၃၀,၀၀၀ ခန့်ရဲ့ ပညာသင်ကြားရေးနဲ့ ဆရာဆရာမ ၄,၆၅၀ ရဲ့ အလုပ်အကိုင်တွေပျက်ပြားနေရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနက ဒေသအတွင်း ထိုင်းနိုင်ငံဘက်က ပစ်ခတ်တဲ့ အမြောက်ဆန်တွေ ကျရောက်နေလို့ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဘေးအန္တရာယ်မှ လုံခြုံမှုအတွက်ကျောင်းတွေကို ပိတ်ထားရတယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေက အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး မရှိမဖြစ် လိုအပ်တဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကို ထိခိုက်အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒေသအတွင်း အိမ်တွေ၊ ပုဂ္ဂလိကကုမ္ပဏီအဆောက်အအုံတွေ၊ ကျောင်းတွေနဲ့အများပြည်သူသုံး လမ်းတွေဟာ ထိုင်းစစ်တပ်ရဲ့အမြောက်ပစ်ခတ်မှုနဲ့ F-16 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံအစိုးရက ပြောခဲ့ပါတယ်။
Ref- Bangkok Post, Khmer Times
