၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
ပြင်ပဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားသုံးသူများထံသို့ အိမ်အရောက်ပို့စနစ် (Home Delivery) ဖြင့် ဆန်များရောင်းချပေးနေမှုအား ဈေးနှုန်းများပြန်တည်ငြိမ်လာသည်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။
ရွှေဘိုပေါ်ဆန်းဆန်ဟောင်းများ ဈေးနှုန်းမြင့်တက်နေချိန် ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် ရွှေဘိုပေါ်ဆန်းဆန်ဟောင်းအပြင် ဧရာဝတီပေါ်ဆန်းအမျိုးအစား၊ ရက် (၉၀)နှင့် ဧည့်မထဆန်များကို အပြင်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် အိမ်အရောက်အပို့ ရောင်းချပေးမည်ဖြစ်ကြောင်း MRF မှ နိုဝင်ဘာ ၂၆ ရက်တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရောင်းချပေးနေမှုအား မည်သည့်အချိန်အထိ ရောင်းချပေးမည်ကို MT News ၏ မေးမြန်းမှုအပေါ် MRF ဥက္ကဋ္ဌက “အခုရောင်းပေးတာကို လိုတဲ့အချိန်အထိ၊ သတ်မှတ်ထားတာကတော့ ဈေးနှုန်းတည်ငြိမ်တဲ့အထိပေါ့” ဟု ဖြေကြားခဲ့သည်။

ယခုအိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမှုတွင် ၁၀၈ ပေါင်/၂၄ ပြည်တစ်အိတ် ဈေးနှုန်းများသည် ရွှေဘိုပေါ်ဆန်း (ဆန်ဟောင်း) ၁၈၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) ဆန်ဟောင်း ၁၅၀,၀၀၀ ကျပ်၊ ဆန်သစ် ၁၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) ဆန်ဟောင်း ၁၂၅,၀၀၀ ကျပ်၊ ဆန်သစ် ၁၁၅,၀၀၀ ကျပ်၊ ရက်(၉၀) ၇၅,၀၀၀ ကျပ်နှင့် ဧည့်မထ (၁၅ မှတ်) ၅၀,၀၀၀ ကျပ်တို့ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
ဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀ဝ၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ သို ရုံးချိန်အတွင်း ဆက်သွယ်၍ မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို တိကျစွာဖြင့် SMS or Viber Message ပေးပို့မှာယူရမည်ဖြစ်သည်။
အဆိုပါ ဖုန်းနံပါတ်များမှ အသင်းချုပ်သို့ ငွေကြိုတင်ပေးသွင်းရမည့် KBZ pay နံပါတ်ကို စားသုံးသူ၊ ဝယ်ယူသူထံသို့ ချက်ချင်းပြန်ကြားပေးမည်ဖြစ်ပြီး ဖုန်းများမှ ပြန်ကြားပြောဆိုသည့် KBZ pay Account နံပါတ်များသို့သာ ငွေပေးသွင်းရမည်ဖြစ်သည်။ ငွေပေးသွင်းပြီးစီးမှုကို Viber ဖြင့် အတည်ပြု ပေးပို့ရမည်ဖြစ်သည်။
ငွေပေးသွင်းသည့်နေ့မှစ၍ ရုံးဖွင့်ရက် (၃) ရက်အတွင်း လိပ်စာဖော်ပြပါအတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် အရောက်ပိုဆောင်ပေးသွားမည်ဖြစ်ပြီး ပိုဆောင်မည့် နေ့ရက်နှင့်အချိန်အား ကြိုတင်ဆက်သွယ် ပြန်ကြားပေးမည်ဖြစ်ကြောင်းနှင့် အထပ်မြင့်သို့ ပို့ရလျှင် ထိုက်သင့်သည့် ဝန်ဆောင်ခ ထပ်မံပေးရမည်ဟု အသိပေးထားသည်။

