◾️ ပြင်ဦးလွင်ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ပန်းမြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင် ဖော်ဆောင်သွားကြရမည်
၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
ဒေသပန်းမျိုးနှင့် နိုင်ငံခြားပန်းမျိုးများအားလုံး ဖြစ်ထွန်းအောင် စိုက်ပျိုးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။





ပြင်ဦးလွင်မြို့သည် ပန်းမြို့တော်ဖြစ်ရမည်ဖြစ်ပြီး ဒေသပန်းမျိုးများ၊ နိုင်ငံခြားဖြစ်ပန်းမျိုးများ အားလုံး ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်၍ အခြားဒေသများသို့ ဖြန့်ချိနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံများသို့လည်း ပန်းများကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ပန်းမြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီအောင် ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသအတွင်း ပန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျဆက်လက်ဆောင် ရွက်သွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။




ဒေသပန်းမျိုးများကို ထိန်းသိမ်းခြင်းနှင့် အရောင်အဆင်း၊ အနံ့ကောင်းမွန်ပြီး အရည်အသွေးတိုးတက်အောင် သက်ဆိုင်ရာ သုတေသနအဖွဲ့များက ဆောင်ရွက်သွားရန်လိုသကဲ့သို့ အခြားဒေသမှ ပန်းမျိုးကောင်း၊ ဖူးပွင့်နိုင်ရေး မျိုးသန့်များကိုလည်း ဒေသတွင်းအောင်မြင်ဖြစ်ထွန်းစွာဖြင့် စမ်းသပ်ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဥယျာဉ်နေရာများ၌သာမက မြို့အတွင်းရှိလမ်းများ၊ ရပ်ကွက်များအတွင်း၌လည်း သစ်ပင်ပန်းမန်များစိုက်ပျိုး၍ မျက်စိပသာဒ ဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင် ပြင်ဦးလွင်မြို့၏ တောင်ဘက်ပိုင်း၌ သစ်တောဖုံးလွမ်းမှုရှိစေရေး ပြန်လည်ဆောင်ရွက်သွားရန်လိုပြီး ပြင်ဦးလွင်ဒေသ၏ စိမ်းလန်းစိုပြေမှုနှင့် အေးမြသာယာသည့် ရာသီဥတုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းနောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် ကန်တော်ကြီးပတ်လမ်းနှင့် ခြံစည်းရိုးဆောင်ရွက်ထားရှိမှုအား လျှောက်လမ်းတစ်လျှောက်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှောက်လမ်းနံဘေး၌ အလှပန်းမန်များ စိုက်ပျိုးသွားရန်၊ သန့်ရှင်းသာယာမှုရှိစေရေးဆောင်ရွက်သွားရန်၊ လမ်းလျှောက်သူများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးအတွက် လိုအပ်သည်များ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
အဆိုပါ ကန်တော်ကြီးပတ်လမ်းခြံစည်းရိုးနှင့် လူသွားလမ်းအား လမ်းအကျယ် ၇ ပေ မှ ၁၂ ပေ၊ လမ်းအရှည် ၁,၉၀၀ ပေရှိ လူသွားလမ်းနှင့် ခြံစည်းရိုးအားပြုပြင် တည်ဆောက်ခဲ့ခြင်းဖြစ်၍ အများပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက် အနားယူအပန်းဖြေ လမ်းလျှောက်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
