၂. ၁၂. ၂၀၂၅
Written by Nyein Kyaw
တည်ဆောက်ပြီးစီးသည့် စစ်မှုထမ်းဟောင်းအိမ်ရာများတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စနစ်တကျနေရာ ချထားပေးရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား ယနေ့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။
တည်ဆောက်ပြီးစီးသည့် အိမ်ရာများ၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ စနစ်တကျနေရာ ချထားပေးသွားရန်လိုကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး၊ စံချိန်စံညွှန်းပြည့်မီမှုရှိစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။




အိမ်ရာတွင် နေထိုင်သူများ ကျန်းမာရေး အထောက်အကူပြုရန်အတွက် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန်နေရာများ ထည့်သွင်းတည် ဆောက်သွားရန်နှင့် အထပ်မြင့်အဆောက်အဦများကို သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်အောင် စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လမ်းညွှန်မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး အိမ်ရာတွင်နေထိုင်နေကြသည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်ချက် များကို မေးမြန်းသည်။
အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့်နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၀ လုံး၊ အရာရှိငယ်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၃ လုံး၊ အရာရှိကြီးနေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံးတို့ကို ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းနှင့် အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံ၍ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြင်ဦးလွင်မြို၊ ဘူတာကြီး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘူတာရုံဧရိယာအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ၊ စီးပွားရေးလုပ်ငန်း ဝင်ရောက်လုပ်ကိုင်နေသူများအား ဖယ်ရှားရှင်းလင်းပြီးစီးမှု အခြေအနေများနှင့် ပတ်သက်ပြီး စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီးနောက် ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
