◾ ပို့ကုန်ရငွေကိုသာ သုံးစွဲနေရသော်လည်း နိုင်ငံတော်တွင် ဒေါ်လာဘီလျံ ၂၀ ကျော်ရှိ
◾️ လက်ရှိ ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်း ပေးသွင်းနေရမှုကိုလည်း မကြာမီလပိုင်းအတွင်း ထပ်မံလျှော့ချပေးမည်ဟုပါ ပြောကြား
၃၀. ၁၁. ၂၀၂၅
Written by Nyein Kyaw
ဘဏ်ကထုတ်ပြန်သည့် ဒေါ်လာဈေးနှုန်းထက် ပြင်ပဈေးနှုန်း မြင့်တက်နေမှုများကို သိရှိထားသည့်တိုင် တော်တော်သည်းခံပေးထားခဲ့သော်လည်း အများပြည်သူ စားဝတ်နေရေးအထိ ထိခိုက်လာမည်ဆိုပါက အစိုးရအနေဖြင့် လက်ခံမည်မဟုတ်ဘဲ တာဝန်ရှိသူများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ယနေ့ ကျင်းပသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၄) နှစ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒေါ်လာဈေးနဲ့ပတ်သက်ရင် ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောပါမယ်။ တချို့ဟာတွေမှာ ကျွန်တော်တို့ တွက်တဲ့နည်းတွေရှိပါတယ်။ တွက်တဲ့နည်းနဲ့ တွက်တဲ့အခါမှာ တကယ် Market မှာ ဖြစ်နေတဲ့ဈေးနဲ့ ဘဏ်ကထုတ်ပြန်တဲ့ဈေးနဲ့ ကွာဟနေတာ တွေ့ပါတယ်။ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒါတွေကို တော်တော်လေးသည်းခံပြီးနေတာဖြစ်ပါတယ်။ အခုလက်ရှိပေါက်နေတဲ့ဈေး ၄၀၆၀ ပေါ့။ တကယ်တော့ ၃၈၀၀ နဲ့ ၃၉၀၀ ပတ်ဝန်းကျင်လောက်ပဲ။ တကယ်အပြင်မှာ ရောင်းနေတဲ့ဈေးက ၄၀၆၀ ဈေး၊ ပြီးခဲ့တဲ့ သုံး၊ လေးရက်ထက်စာရင် ဒေါ်လာဈေး ၂၀ ကျတာ ကျွန်တော်တွေ့ပါတယ်။ ဘယ်နေ့မှာ ဘယ်လောက် တက်တယ်ဆိုတာ သိပါတယ်။ ဖြစ်နိုင်တဲ့ဈေးကိုတော့ ခင်ဗျားတို့ ဒါလုပ်သင့်ပါတယ်။ သို့သော်လည်းပဲ အမြတ်တင်ပြီးတော့ ဈေးကစားတဲ့ဖြစ်စဉ်မျိုးတော့ မလုပ်ကြပါနဲ့လို့ ပြောလိုပါတယ်။ ဒါမှ တိုင်းပြည်နဲ့ လူထု အကျိုးစီးပွားကို ထိခိုက်ရင် စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး ထိခိုက်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော် လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိပေမဲ့ Public (အများပြည်သူ)ကို ထိခိုက်မယ်ဆိုရင်တော့ အစိုးရက လက်ခံမှာမဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း တာဝန်ရှိသူတွေကိုညွှန်ကြားထားပါတယ်” ဟု ယာယီသမ္မတက သတိပေး ပြောကြားသည်။

နိုင်ငံခြားငွေနှင့် ပတ်သက်ပြီး နိုင်ငံတော်တွင်ရှိသော်လည်း သုံးစွဲမရအောင် ပိတ်ပင်ထားမှုများကြောင့် ကုန်သွယ်မှုမှရရှိသည့် နိုင်ငံခြားဝင်ငွေကို အဓိကသုံးစွဲနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များထံမှ ရရှိသည့် ပို့ကုန်ရငွေ နိုင်ငံခြားငွေများအား စက်သုံးဆီ၊ ဆေးဝါး အပါအဝင် အများပြည်သူအတွက် အရေးကြီးပြီး အဓိကလိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းရာတွင် သုံးစွဲနေခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“ကျွန်တော်တို့က နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ကျွန်တော်စပြီး တာဝန်ယူတဲ့အချိန်မှာ နိုင်ငံခြားငွေရှိပါတယ်။ တိုင်းပြည်မှာ မရှိဘူးမဟုတ်ဘူး။ ရှိပါတယ်။ လက်ရှိမှာကိုပဲ ကျွန်တော်တို့ ဘီလျံ ၂၀ ကျော်လောက် ကျွန်တော်တို့ နိုင်ငံမှာ ရှိပါတယ်။ သုံးလို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့ကလည်း ကုန်သွယ်မှုကရတဲ့ပိုက်ဆံကိုမှ အားကိုးပြီး ကျွန်တော်တို့ လုပ်ရတာဖြစ်ပါတယ်။ လုပ်ရတဲ့အခါကျတော့ အစမှာတော့ စံနှုန်းတစ်ခုပေါ့။ နိုင်ငံခြားငွေ ဘယ်လောက်အချိုးတော့ နိုင်ငံတော်ကို သတ်မှတ်တဲ့နှုန်းနဲ့ သွင်းပါ။ ကျွန်တော်တို့ပဲ သတ်မှတ်ပေးပြီးတော့ လိုအပ်တဲ့ စက်သုံးဆီတို့၊ ဆေးတို့ အရေးကြီးတဲ့ဟာတွေ အများနဲ့ပတ်သက်တဲ့ဟာတွေ သုံးလို့ရအောင် ကျွန်တော်တို့ လုပ်တာဖြစ်ပါတယ်။

လက်ရှိတွင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေ ၂၅ ရာခိုင်နှုန်းအား သတ်မှတ်ဈေးနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် နိုင်ငံတော်သို့ ပေးသွင်းနေရခြင်းဖြစ်ပြီး လက်ရှိပေးသွင်းနေရသည့် ပို့ကုန်ရငွေ ၂၅ ရာနှုန်းကိုလည်း မကြာမီ ထပ်မံလျှော့ချပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
“တဖြည်းဖြည်းနဲ့ လျှော့ပေးလျှော့ပေးရင်းနဲ့ အခုဆို ၂၅ ရာခိုင်နှုန်းပေါ့။ ၂၅ ရာခိုင်နှုန်း ပေးရတာရှိတယ်။ မကြာခင်မှာပဲ ဒါကိုလည်း ကျွန်တော်ထင်ပါတယ်။ သိပ်မကြာပါဘူး။ လျှော့ချမှာပါ။ လျှော့ချပြီးတော့ တချို့လည်း ပြုံးတာပေါ့။ ပိုက်ဆံရမှာဆိုတော့။ ကျွန်တော်ထင်ပါတယ် ဒီတစ်လ၊ နှစ်လအတွင်းမှာပဲ ဒီဟာတွေကို လျှော့ချပေးနိုင်ဖို့ ထင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ဗဟိုဘဏ်မှ အများပြည်သူအတွက် အရေးကြီးသည့် သွင်းကုန်ပစ္စည်းများ တင်သွင်းသူများအား Online Trading Platform မှတစ်ဆင့် နိုဝင်ဘာ ၂၈ ရက်တွင် ရောင်းချပေးမှုအရ တစ်ဒေါ်လာ ၃,၆၄၇ ကျပ်သာရှိသော်လည်း ပြင်ပဒေါ်လာဈေးနှုန်းသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ၄,၀၆၀ ကျပ်နှင့် ယနေ့တွင် ၄၀,၄၀ ကျပ်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် တစ်ဒေါ်လာ ကျပ် ၅,၀၀၀ ကျော်အထိ ထပ်မံမြင့်တက်ခဲ့သည့် ဒေါ်လာဈေးနှုန်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအလယ်မှစတင်ကာ တစ်ဒေါ်လာ ကျပ် ၅,၀၀၀ အောက်သို ပြန်လည်ကျဆင်းခဲ့ကာ တစ်ဒေါ်လာ ကျပ် ၄,၇၀၀ ဝန်းကျင်ဖြင့်သာ ပြန်လည်တည်ငြိမ်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ထပ်မံကျဆင်းခဲ့သော်လည်း ၂၀၂၅ ခုနှစ်ဆန်းပိုင်းအထိ တစ်ဒေါ်လာ ကျပ် ၄,၆၀၀ ဝန်းကျင်အထိ ဖြစ်ပေါ်နေဆဲဖြစ်ရာမှ ထပ်မံဆက်တိုက် ကျဆင်းလာရာ လက်ရှိ တစ်ဒေါ်လာ ၄,၀၀၀ ကျော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
