၂၉.၁၁.၂၀၂၅
Written By Thandar
အနုပညာကို တကယ်ဝါသနာကြတဲ့၊ အိပ်မက်တွေအကောင်အထည်ဖော်ချင်တဲ့သူတွေအတွက် Cloud Seven Production & Entertainment ရဲ့ “ကြယ်ပွင့်များရဲ့ အိပ်မက်” Casting Call Audition ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၉ ရက်ကနေ ၃၀ ရက်အထိ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပနေပါတယ်။
“ဒီ Casting Call Audition ပြိုင်ပွဲဆိုတော့ ကလေးတွေက ဒီလိုတွေပါပဲ။ ကလေးတွေကို စိတ်လှုပ်ရှား တယ်။ ကိုယ်တွေက စိတ်ရှည်လက်ရှည် အောက်ကနေပြီးတော့ စောင့်ရတယ်။ နားထောင်ရတယ်။ ကြည့်ရတယ်။ တခြား ထူးထူးဆန်းဆန်းတော့မရှိပါဘူး။လူကြီးတွေက စုစုစည်းစည်းနဲ့ ဒိုင်လုပ်ပေးတဲ့ ပွဲလေးတစ်ခုဆိုတော့လေ။ အမေချိုကလည်း အလုပ်များတဲ့သူဆိုတော့ စုပြီးတော့ အလုပ်ပေးတာလေးတော့ရှိတာပေါ့။ ဒီလိုနေရာကို ကိုယ်တွေလည်း တစ်ချိန်က အသစ်ကနေလာတာမို့ ကြိုးစားကြပါ း။ စိတ်ဓာတ်တွေတော့ မကျစေချင်ပါဘူး”လို့ အကယ် ဒမီချိုပြုံး(အကဲဖြတ်ဒိုင်)က ပြောပါတယ်။





အဆိုပါ ပြိုင်ပွဲမှာတော့ အကဲဖြတ် ဒိုင်လူကြီးတွေအနေနဲ့ အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ချိုပြုံး၊အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မေသန်းနု၊ ဒါရိုက်တာ မောင်သီ၊ ဒါရိုက်တာ ပွင့်သီင်္ဂီဇော်တို့က ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။
အသံပိုင်းအတွက် Vocal Coach အနေနဲ့ ခိုင်မြဲသာ၊ မြန်မာ့ရိုးရာအကကို သင်ကြားပေးတဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်က ခိုင်မာလွင်၊ မြန်မာ့ရိုးရာ မဟာဂီတအဆိုပိုင်းဆိုင်ရာ Training ပိုင်းကို ဆရာမ ရွှန်းလဲ့အောင်၊ Runway Coach အနေနဲ့ အောင်ပိုင်၊ Dancer ပိုင်းကို Double T စတဲ့သူတွေက သင်ကြားပေးသွားမှာလည်း ဖြစ်ပါတယ်။




“ညီမကတော့ Cloud Seven Production & Entertainment က အိပ်မက်တွေ အကောင်အထည် ဖော်ပေးမယ့် နေရာလို့လည်း ယုံကြည်တယ်။ ဝါရင့် အနုပညာရှင်တွေကလည်း အောင်မြင်တဲ့လမ်းကို ဖော်ဆောင်ပေးမယ်လို့ ထင်ပါတယ်။ ကိုယ့်အသက်ကလည်း ငယ်သေးတော့ ကြိုးစားပြီး နေရာတစ်ခုရောက်အောင်တက်လှမ်းချင်မိပါတယ်။ “ကြယ်ပွင့်များရဲ့ အိပ်မက်” Audition ပွဲမှာ ကိုယ့်ရဲ့ ပင်ကို Talent တွေကို ချပြနိုင်မယ့်အခွင့်အရေး ချပြခွင့်ရလို့လည်း ပျော်ပါတယ်။ ဖိုင်နယ်အထိ တက်လှမ်းနိုင်ဖို့လည်း ညီမ အကောင်းဆုံး မျှော်လင့်ချက်နဲ့ ကြိုးစားခဲ့ပါတယ်” လို့ ပြိုင်ပွဲဝင် မေသော်က ပြောပါတယ်။
ဒီပြိုင်ပွဲမှာ ရွေးချယ်ခံရသူတွေအနေနဲ့ Cloud Seven Production & Entertainment က ရိုက်ကူးသွားမယ့် ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ အခြားအနုပညာလှုပ်ရှားမှုတွေကို ပါဝင်ခွင့်ရရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
