သတိုး
၂၉. ၁၁. ၂၀၂၅
ရုရှားနိုင်ငံ၊ ပင်လယ်နက်ကမ်းရိုးတန်းမှတစ်ဆင့် ကာဇက်စတန်နိုင်ငံမှ ထွက်ရှိသည့် ရေနံကို တင်ပို့နေသည့် CPC ကုမ္ပဏီသည် ယနေ့ စနေနေ့ မနက်အစောပိုင်းက နိုဗိုရိုစစ်စ်ခ် (Novorossiysk) ဆိပ်ကမ်းကို မောင်းသူမဲ့ စက်တပ်လှေများနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် ယခုတစ်ပတ်အတွင်း ဒုတိယအကြိမ် ရေနံသယ်ယူတင်ဆောင်မှုများကို ဆိုင်းငံ့လိုက်ရသည်။
ရုရှား၊ ကာဇက်စတန်နှင့် နိုင်ငံစုံ ရေနံကုမ္ပဏီကြီးများဖြင့် ဖွဲ့စည်းထားသည့် ကက်စ်ပီယန် ပိုက်လိုင်းကွန်ရက် (CPC) ၏ ထုတ်ပြန်ချက်အရ ရေနံတင် အဝေးထိန်းသင်္ဘောဆွဲပစ္စည်း (remote mooring device) သည် “လူမဲ့ရေယာဉ်များဖြင့် ပစ်မှတ်ထားသော အကြမ်းဖက်တိုက်ခိုက်မှု” ဟု ကုမ္ပဏီက ဖော်ပြသည့် ဖြစ်ရပ်ကြောင့် “သိသိသာသာ ပျက်စီးဆုံးရှုံးမှု” ခံစားခဲ့ရပြီး ပြင်ဆင်မရနိုင်သည့်အခြေအနေ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူနှင့် ရေနံယိုဖိတ်မှု မရှိသော်လည်း ပျက်စီးမှုမှာ ‘ပြုပြင်၍ မရနိုင်တော့’ ဟု CPC က ပြောကြားခဲ့သလို ယနေ့ဖြစ်ရပ်သည် ဆိပ်ကမ်းသို့ ဆိုက်ကပ်မည့် သင်္ဘောနှစ်စင်းကို ပြီးခဲ့သည့်ညက ပင်လယ်နက်အတွင်း တိုက်ခိုက်ပြီးနောက် ထပ်မံဖြစ်ပွားခြင်းလည်းဖြစ်သည်။
နိုဗိုရိုစစ်စ်ခ် (Novorossiysk) ဆိပ်ကမ်းသည် ရုရှား၏ အဓိက စီးပွားရေးနှင့် စစ်ရေးဗျူဟာမြောက် နေရာများထဲမှ တစ်ခုဖြစ်ပြီး ပင်လယ်နက်ကမ်းရိုးတန်းတွင် တည်ရှိသည်။
အဆိုပါတိုက်ခိုက်မှုသည် ယူကရိန်း၏ တိုက်ခိုက်မှုဖြစ်နိုင်သော်လည်း ယူကရိန်းဘက်ကမူ ရုရှားဆိပ်ကမ်းကို နှစ်ကြိမ်ဆက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးချေ။
Ref : RT & Trade Winds
