၂၉. ၁၁. ၂၀၂၅
Photo by Thiri
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အလုံထော်လီကွေ့အနီး စည်ပင်သာယာဝင်းထဲက သန့်ရှင်းရေးလုပ်သားတွေနေထိုင်တဲ့ လိုင်းခန်းတွေဆီမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သာက စတုဒိသာအလှူကို မနေ့က နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ စည်ပင်သာယာဝင်းထဲမှာ ဝန်ထမ်းမိသားစု လူပေါင်း ၂၀၀၀ နီးပါး နေထိုင်ကြပါတယ်။ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးကာလအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သာက စတုဒိသာအလှူ ပြုလုပ်ရခြင်းအကြောင်းအရင်းကို ပြောပြရာမှာ “ကျွန်တော် ကျွန်တော့်အကြောင်း လက်ကမ်းစာစောင် ရိုက်နှိပ်ပြီး ဝေမယ့်အစား ကျွန်တော်တို့ အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေး ကုန်ဈေးနှုန်း ဒါတွေ ကျပ်တည်း ခက်ခဲနေတဲ့ အခြေအနေတစ်ခုကနေ တစ်ရက်စာပဲ သက်သာသက်သာပေါ့။ ကျွန်တော်လုပ်နိုင်တာ လုပ်တဲ့သဘောပါ။ ကုသိုလ်ဒါနလည်းရချင်တာလည်း ပါပါတယ်”လို့ ဆိုပါတယ်။




နိုဝင်ဘာ ၂၈ ရက်နေ့က အဆိုပါစတုဒိသာလှူဒါန်းမှုကို ဝက်သားဟင်း၊ ကြက်သားဟင်း၊ ငါးပိချက်၊ ဟင်းချိုတို့နဲ့ လူ ၂၀၀၀ စာ ချက်ပြုတ်ကျွေးမွေးခဲ့ကာ နေ့ဆိုင်း ညဆိုင်း နှစ်ဆိုင်းခွဲ ဆင်းနေရတဲ့ စည်ပင်ဝန်ထမ်းတွေ အတွက်လည်း ထမင်းဗူးတွေ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သာက “စည်းရုံးတဲ့ကာလမှာလည်း ကျွန်တော် အကျိုးရှိအောင်ပဲ လုပ်ပါတယ်။ အကယ်၍ ပြည်သူက တာဝန်ပေးလို့ လွှတ်တော်ထဲ ရောက်ရှိ တာဝန်ထမ်းဆောင်ရရင်လည်း ပြည်သူကို နှစ်နဲ့ချီ၊ လနဲ့ချီပြီးတော့ မပူမပင် မကြောင့်မကြ စားဝတ်နေရေးပြေလည်ရေး ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လက်ရှိတည်ငြိမ်အေးချမ်းမှုတွေ ဘယ်လို အခြေအနေတွေ ဖြစ်နေလဲ။ ဒါတွေဟာ ဘာကြောင့်လဲ။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားလာတာ နှစ်ပေါင်းလည်း ၇၀ ကျော် ၈၀ နီးပါး ရှိပြီ။ မငြိမ်းချမ်းပါဘူး။ နိုင်ငံရေးကို လက်နက်နဲ့ ဖြေရှင်းရင် ဘယ်တော့မှ ငြိမ်းချမ်းစရာ အကြောင်းမရှိဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ ရပါလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။





