၂၉.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအစိုးရက ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အနီးတွင် အမျိုးသားအစောင့်တပ်ဖွဲ့ ဝင်နှစ်ဦးအားနိုဝင်ဘာလ ၂၆ ရက်က ပစ်ခတ်ခံခဲ့ရပြီးနောက်မှာ လူဝင်မှုကြီးကြပ်ရေးမူဝါဒဆိုင်ရာ နောက်ဆုံးပြောင်းလဲမှုအနေဖြင့် အမေရိကန်တွင် ခိုလှုံခွင့်ပေးရန်လျှောက်ထားလာမှုများအပေါ် ဆုံးဖြတ်မှုအားလုံးကို ရပ်ဆိုင်းထားမည်ဟု နိုဝင်ဘာလ ၂၈ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ထိုဆုံးဖြတ်ချက်က တတိယကမ္ဘာနိုင်ငံအားလုံးမှ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်မှုအားလုံးကို အဆုံးသတ်ရန် သမ္မတ ထရမ့်ပ်က တောင်းဆိုခဲ့အပြီးတွင် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) မှ ညွှန်ကြားရေးမှူး ဂျိုးဆက် အက်လိုးက နိုင်ငံခြားသားတိုင်းကို အမြင့်ဆုံးအဆင့်အထိ စိစစ်ပြီး တတ်နိုင်သမျှ သေချာစွာစစ်ဆေးမှုပြုလုပ်ပြီးသည်အထိ ခိုလှုံခွင့်ဆုံးဖြတ်ချက်များကို ရပ်ဆိုင်းထားမည်ဟု ပြောကြားခဲ့သည်။
အက်လိုးက အမေရိကန်ပြည်သူများ၏ ဘေးကင်းရေးကို အမြဲတမ်းဦးစားပေးဆောင်ရွက်သွားမည်ဟုလည်း လူမှုကွန်ရက် X တွင် တင်ခဲ့သည်။
သမ္မတ ထရမ့်ပ်က တတိယကမ္ဘာနိုင်ငံများဟု ၎င်းက ခေါ်ဆိုပြောကြားခဲ့သည့် နိုင်ငံများအားလုံးမှ ရွှေ့ ပြောင်းနေထိုင်မှုကို ရပ်တန့်မည်ဟု ကြေညာအပြီးတွင် ယခုဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
အမေရိကန်မြို့တော်တွင် ရွှေ့ပြောင်းနေထိုင်သူ အာဖဂန်နိုင်ငံသားတစ်ဦးက အဆိုပါပစ်ခတ်မှုကို အိမ်ဖြူတော်အနီးပြုလုပ်ခဲ့ရာတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရခဲ့ကာ ပစ်ခတ်သူ သေနတ်သမားကိုလည်း ဖမ်းဆီးမိခဲ့သည်။ ထိုပစ်ခတ်မှုပြီးနောက် အာဏာပိုင်များက နိုင်ငံပေါင်း ၁၉ နိုင်ငံမှ လူပုဂ္ဂိုလ်များအား ထုတ်ပေးထားသော Green Card အားလုံးကို ပြန်လည် စိစစ်သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။
သမ္မတထရမ့်ပ်အစိုးရက အာဖဂန်နိုင်ငံသားများနှင့် သက်ဆိုင်သည့် လူဝင်မှုကြီးကြပ်ရေးလျှောက်လွှာအားလုံးကို ရပ်ဆိုင်းထားပြီး သမ္မတဟောင်းဘိုင်ဒန်အစိုးရလက်ထက်တွင် အတည်ပြုထားသော ခိုလှုံခွင့်ကိစ္စများကို ပြန်လည်သုံးသပ်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်နိုင်ငံကူးလက်မှတ်များဖြင့် ခရီးသွားလာသူများအား ပြည်ဝင်ခွင့် ထုတ်ပေးခြင်းကိုလည်း ခေတ္တရပ်ဆိုင်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
Ref -DW News
