၂၉.၁၁.၂၀၂၅
Translated by Htwe Ko Tun
ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ၎င်းနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မော်စကိုမြို့တွင် နိုဝင်ဘာလ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့မှုက အောင်မြင်မှုရလဒ်များရခဲ့ကြောင်း လူမှုကွန်ရက် Facebook မှာ သုံးသပ်ရေးသားခဲ့ပါတယ်။
ဗစ်တာအော်ဘန်က နိုဝင်ဘာလ ၂၈ ရက်မှာ မော်စကိုသို့ထွက်ခွာပြီး သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သူ့ခရီးစဉ်ရဲ့ အဓိကရည်မှန်းချက်က ရုရှားမှ ဟန်ဂေရီသို့ ပိုက်လိုင်းကနေ စွမ်းအင်အရင်းအမြစ်တွေကို အနှောင့်အယှက်ကင်းကင်း ပေးပို့ဖို့အတွက် အာမခံချက်တွေ ရယူဖို့ စဉ်းစားထားခဲ့တယ်လို့ ဆိုပါတယ်။ သူက “ရုရှားကနေ ဟန်ဂေရီကို ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေကနေ ပေးပို့နေတာပါ။ ဒါတွေက ကျွန်တော်တို့နိုင်ငံမှာ စွမ်းအင်လုံခြုံမှုရှိဖို့ အဓိကကျတယ်”လို့ ပြောခဲ့ပါတယ်။
ခရီးစဉ်မှာ အော်ဘန်နဲ့ အတူလိုက်ပါခဲ့ကြတဲ့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဇစ်ဂျာဒို (Peter Szijjarto) က လည်း ကရင်မလင်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေကို အကျဉ်းချုပ်ပြောကြားရာမှာ အဆိုပြုဖော်ပြခဲ့တဲ့ရည်မှန်းချက် အောင်မြင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ပူတင်က အော်ဘန်ကို ရုရှားနိုင်ငံဟာ သဘာဝဓာတ်ငွေ့နဲ့ ရေနံထောက်ပံ့မှုနှစ်ခုလုံးအတွက် သူ့ရဲ့စာချုပ်ဆိုင်ရာတာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပေးမယ်လို့ အာမခံခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးက သဘောတူထားတဲ့ပမာဏတွေကို သတ်မှတ်ထားတဲ့ ကာလအတွင်း ဟန်ဂေရီကို ပို့ဆောင်ပေးမှာပါလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဟန်ဂေရီဟာ ရုရှားထံမှ ရေနံအများစုကို Druzhba ပိုက်လိုင်းမှတစ်ဆင့်နဲ့ သဘာဝဓာတ်ငွေ့ အများစုကိုတော့ TurkStream ပိုက်လိုင်းမှတစ်ဆင့် လက်ခံရရှိနေတာပါ။ မော်စကိုကို မသွားမီမှာဘဲ ပီတာဇစ်ဂျာဒိုက ၂၀၂၅ ခုနှစ်မှာ ဟန်ဂေရီဟာ ရုရှားမှ ရေနံတန်ချိန် ၈ ဒသမ ၅ သန်းနဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၇ ဘီလျံကျော် ရရှိခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Ref- Tass
